May i be free from mental suffering!!!

Monday, January 10, 2011

ပါပါးနဲ့တွေ့ချင်တယ်...ပါပါးလို့ခေါ်ချင်တယ်


တစ်နှစ်ကူးပြန်ပြီ။ အချိန်တွေက ကုန်လွယ်လွန်းလိုက်တာ။ တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်....။ ဒီနှစ်ထဲမှာ ဘာတွေပြောင်းလဲခဲ့သလဲ... ဘာတွေပိုင်ဆိုင်ခဲ့သလဲ... ဘာတွေ ဆုံးရှုံးခဲ့ သလဲ...လို့ စဉ်းစားကြည့်တော့ ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့နှစ်လို့ပဲ သတ်မှတ်ရတော့မယ်။ ပိုင်ဆိုင်မှုဆိုတာ ကတော့ အသက်တစ်နှစ် ပိုရလာပါတယ်။ ပြီးတော့ အချိန်တွေပေါပေါများများ ပိုလာပါတယ်။ ပိုင်ဆိုင်မှု ထက်စာရင် ဆုံးရှုံးမှုတွေနဲ့အတူလက်တွဲပြီး နေ့ပေါင်းများစွာကျော်ဖြတ်ခဲ့ရပါတယ်။

အဲဒီ့နေ့ရက်တွေမှာ စိတ်ဓါတ်ခွန်အား၊ ရုပ်ဝတ္ထုခွန်အားပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်အထိ ဖြတ်သန်းသွားရလိမ့်မယ်ဆိုတာ မသိပါဘူး။ စိတ်ဓါတ်ကျသွားရင် ရုပ်ကိုပါ ထိခိုက်သွားနိုင်တာမို့ စိတ်တင်းထားရပါတယ်။ ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ ဖြစ်လာတာကိုပဲ ဖြစ်သလို နေတတ်အောင် အားထုတ်နေရပါတယ်။

ဖြစ်ချင်တာကိုပြောပါလို့ အခုမေးလာခဲ့ရင် သားလေးနဲ့တွေ့ချင်တယ်လို့ ဖြေရမှာပါပဲ။ သားကိုမွေးတော့မှ နှစ်ခါပဲတွေ့ရပါသေးတယ်။ ပထမတစ်ခါက သားကိုမွေးတုန်းက ခွင့်(၄)ရက်ယူပြီးသွားတွေ့တာ။ နောက်တစ် ကြိမ် ၂၀၁၀ တရုတ်နှစ်သစ်ကူးမှာ ခွင့်တစ်လယူပြီးသွားတော့ သားက (၉)လပဲရှိသေးတယ်။ လမ်းလျှောက် ဖို့ မပြောနဲ့...ဝမ်းလျားမှောက်တတ်၊ ထိုင်တတ်ရုံပဲရှိသေးတာလေ။ အခုသားက တစ်နှစ်ခွဲရှိသွားပြီ။ စကား ပြောနေပြီ။ သွားလေးတွေ ပေါက်နေပြီ။ ဂျောင်းဂျောင်း၊ဂျောင်းဂျောင်းနဲ့ လျှောက်ပြေးဆော့နေပါပြီ။

ဟိုတစ်နေ့က အိမ်ကိုဖုန်းဆက်တော့ ကျွန်တော့်ဇနီးနဲ့စကားပြောဖြစ်ပါတယ်။ သားက စကားတွေ အရမ်း တတ်နေပြီလို့ပြောပါတယ်။ ပါပါး၊ မာမား၊ အာရီ(အဒေါ်)၊ ဘေဘေးလို့ ခေါ်ပြောတတ်နေပြီတဲ့။ မနေ့က ကျွန်တော့်ခယ်မရဲ့သမီးလေးက သူအဖေပြန်လာတော့ ပါပါး..ပါပါးနဲ့ဆီးကြိုပြီး ခေါ်ပြောနှုတ်ဆက်လိုက် တော့ သားက ကျွန်တော့်ဇနီးကိုကြည့်လိုက်၊ သူ့ဦးလေး(ကျွန်တော့်မယားညီအကို)ကိုကြည့်လိုက်နဲ့ မျက်နှာ ငယ်လေးနဲ့ဖြစ်နေတယ်လို့ပြောပါတယ်။ ကျွန်တော့်ဇနီးပြောတာ ကြားရတော့ စိတ်ထဲမှာ မကောင်းဘူး။

တစ်နေ့လုံး နေလို့၊ထိုင်လို့ မရဘူး။ ဟုတ်တာပေါ့။ သားက သူ့ပါပါးဆိုတာကို ဓါတ်ပုံထဲမှာပဲ တွေ့ဖူးနေရ တာကိုး။ အပြင်မှာ သူနဲ့ရွယ်တူ သူ့ညီမလေးက ပါပါး၊ပါပါးလို့ခေါ်နေတော့ သားလဲခေါ်ချင်ရှာမှာပေါ့။ ဒါပေမဲ့ သားရဲ့ပါပါးက အဝေးမှာရောက်နေတာကိုး။ ပါပါးပြန်ချင်တိုင်းလဲ ပြန်လို့မရဖြစ်နေတာကို သားက ဘယ်သိ ပါ့မလဲ။ သားလေးရဲ့ ပါပါးလို့ခေါ်တဲ့အသံကို ကြားချင်တာပေါ့။ အဲဒီ့ညက အိမ်မက်မက်ပါတယ်။ အိမ်မက်ထဲမှာ သားက “ ပါပါးနဲ့တွေ့ချင်တယ်၊ ပါပါးလို့ခေါ်ချင်တယ် ” လို့ သူ့အမေကို ပူစာနေသတဲ့။