ကြက်ဖနှင့်နေမင်း
တစ်နေ့နံနက်
တစ်မနက်တွင်
ကြက်နဲ့နေမင်း
ပြိုင်ဆိုင်ငြင်း၍
အချင်းများခဲ့ဖူးပါသည်။
အိမ်ခေါင်တန်းထက်
တောင်ပံနှက်၍
ရွှေကြက်ဖကြီး
အောက်အီးအီးဟု
တွန်ပြီးသရော်
ရှေ့ဖက်မျှော်၍
ရဲဘော်နေဝန်း
အိပ်ရာခန်းက
ထွက်မြန်းဖို့သင့်
အချိန်လင့်ဟု
ဟန်နှင့်ပန်နှင့်
ဆိုလိုက်သည်။
ငါ့သူငယ်တော်
ရောင်နီပေါ်၍
ရဲဘော်ကြက်ဖ
အိပ်ရာထကာ
တွန်ရပါသည်။
ငါသာမနှိုး
သင်မနိုးဟု
မိုးဝရှေ့ဆီ မျက်နှာနီနှင့်
အဆီဝင်းဝင်း၊
ရှင်နေမင်းက
ငြင်းဆန်ချေပလိုက်ပါသည်။
ငါတွန်လို့ သင်နိုး၊
ငါနှိုးလို့ သင်တွန်၊
ငြင်းဆန်ချေပ၊
ချီချပြောကာ
နေခိုက်ခါတွင်
လယ်မှာယောင်္ကျား
လယ်သမားသည်
လယ်နွားကိုဖြုတ်၊
လယ်တင်းကုပ်သို့
လယ်လုပ်နားရန်
ခဏပြန်သည်
တာဝန်တစ်ခန်းပြီးခဲ့ပြီ။ ။
မင်းသုဝဏ်
ဆေးတက္ကသိုလ်(၁)နှစ်လည်မဂ္ဂဇင်း၊
၁၉၇၂-၇၃