(၂၂.၂.၁၉၄၇ရက်နေ့ထုတ်ဖ.ဆ.ပ.လသတင်းစဉ်အတွဲ(၁)၊အမှတ်(၁၂)မှရာကျော် ရေးသားသော ဆိတ်လစေ့ဋီကာနှင့် ဗိုလ်ချုပ်၏အာဘော်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်းသာဖြစ်ပါသည်။)
"ဆိတ်လစေ့သဘော"
ကျွန်တော်ငယ်ငယ်က လူတစ်ယောက်ကိုတွေ့ဖူးပါသည်။ ထိုလူကိုအရပ်က ဆိတ်လစေ့(ဆိတ်ဂွေး)ဟု
ပြောင်လှောင်ခေါ်ဝေါ်ကြပါသည်။ ထိုလူ၏ကိုယ်အမူအရာ၊နှုတ်အမူအရာ၊ နုလုံးသားအမူအရာတို့ကို သေ ချာစွာ လေ့လာသောအခါ ဤသို့တွေ့ရပါသည်။
ထိုလူသည် သူ့အကျိုးစီးပွားအတွက် အရပ်ထဲရှိ သြဇာတိက္ကမရှိသူတစ်ဦးထံသွား၍ လက်အုပ်ချီခြင်း ၊ ချီး မွမ်းထောပနာခြင်းတို့ကို ပြုပါသည်။ ထိုအခါ ထိုသူ့ထံမှ သူ စားရသောက်ရရှိပါသည်။ ထိုလူသည် မကြာမီ အတွင်းပင် သြဇာလက်လွတ်ဖြစ်၍ ထိုလူနှင့်ဆန့်ကျင်ဖက်ဖြစ်သူ လူသစ်တစ်ဦး သြဇာတိက္ကမနှင့်ပြည့်စုံ လာလေသည်။
ဆိတ်လစေ့လည်း လူသစ်ထံသွား၍ အထက်ပါအတိုင်းပြုပါသည်။ ထိုအခါ စားရ၊သောက်ရရှိပြန်ပါသည်။ တစ်ဖန်မကြာမီအတွင်းပင် ပထမလူသည် သြဇာတိက္ကမပြန်ရလာ၍ ဒုတိယလူမှာသြဇာတိက္ကမ လက် လွတ်ဖြစ်ပြန်ပါသည်။ ဆိတ်လစေ့လည်း ပထမလူဆီသွားပြန်၍ ဒုတိယလူကို ပုတ်ခတ်ပြောဆိုကာ စားပြန် ပါသည်။
တစ်ဖန်ဒုတိယလူသည် သြဇာတိက္ကမရလာပြန်၍ ပထမလူသည်သြဇာတိက္ကမလက်လွတ်ပြန်ပါသည်။ ဆိတ်လစေ့လည်း ဒုတိယလူထံသွား၍ ပထမလူကိုပုတ်ခတ်ပြောဆိုကာ စားပြန်ပါသည်။ ဆိတ်လစေ့ အခေါ်ခံရသူသည် ဤနည်းနှင်နှင် ဟိုကပ်၊သည်ကပ်ပြုကာ စားလေ့သောက်လေ့ရှိပါသည်။ ဆိတ်လစေ့ ဟူသော မြန်မာတို့ဝေါဟာရ၏အနက်ကို ဆိတ်လစေ့အခေါ်ခံရသူ အထက်ပါလူ၏အမူအရာတို့နှင့်ဟပ်၍ ဆင်ခြင်ကြည့်ပါက ဤလိုတွေ့နိုင်ပါသည်။
ထိုလူမျိုးသည် သာရာစား၊ သာပေါင်းညာစား ၊မြေနိမ့်ရာလှံစိုက်တတ်သူဟုဆိုရပါမည်။ ထိုလူသည် သူ့အကျိုး သက်သက်ကိုသာကြည့်သူဖြစ်ပါသည်။ အများ၏အကျိုးကို ကြည့်သူမဟုတ်ပါ။ ထိုသူသည်အစား အစာမြင် သာလမ်းကိုသာ လိုက်သူဖြစ်ပါသည်။ ထိုလူမှာ ကိုယ့်ဖို့ကိုယ်သာကြည့်သော ညာဉ်ရှိပါသည်။ ထိုလူသည် သတ္တိနည်းသောသူဖြစ်ပါသည်။
"ဗိုလ်ချုပ်၏အာဘော်"
ဗိုလ်ချုပ်အောင်ဆန်းသည် အချို့အချို့သောသတင်းစာတို့ကို ဆိတ်လစေ့သတင်းစာဟု သမုတ်လိုက်သည် မှာ ယခုဖော်ပြခဲ့သောလူ၏အမူအရာနှင့်တူသောကြောင့် သမုတ်လိုက်သည်ဟု ကျွန်တော်ယူဆပါသည်။ ဗိုလ်ချုပ်သည် အဖြူသမားသက်သက်ကိုလည်း အပြစ်မပြောလိုပါ။ အမဲသမားသက်သက်ကိုလည်း အပြစ် မပြောလိုပါ။ အဖြူဝါဒသမားရှိလျှင် အမဲဝါဒသမားရှိမြဲဟူသော ဓမ္မတာကို ဗိုလ်ချုပ်နားလည်လက်ခံ သည်ဟု ယူဆပါသည်။
ဗိုလ်ချုပ်သည် အဖြူဝါဒသမားသက်သက်ကို ရိုသေသလောက် အမဲဝါဒသမားသက်သက်ကိုလည်း ရိုသေ တတ်သူဟုလည်း ယူဆမိပါသည်။ အဖြူယောင်ယောင်၊အမဲယောင်ယောင်၊တောင်လိုလို၊မြောက်လိုလိုလုပ်၍ ကိုယ့်အကျိုးခံစားမှုကိုရှေ့ရှုရှာကြံနေသူကိုသာ၎င်း၊ အခုစာကလေးကြော်၊ အခုထမင်းကြော်လုပ်တတ်သူကို ၄င်း၊ ဗိုလ်ချုပ်က ဆိတ်လစေ့ဟုသမုတ်လိုက်ခြင်းဖြစ်ဟန်တူပါသည်။
ဟိုပါတီဘက်သားလိုလို၊ ဒီပါတီဘက်သားလိုလုပ်၍ သာရာဘက်နှင့်ပေါင်းပြီး စားသောက်ဟင်းမျိုလိုသူမျိုး ကိုသာ ဗိုလ်ချုပ်ကဆိတ်လစေ့ ဟု သမုတ်လိုက်ခြင်းလည်းဖြစ်ဟန်တူပါသည်။
"ဆိတ်လစေ့တစ်မျိုးစီ"
မောင်သုမန၏ ဆိတ်လစေ့မျိုးသည် အထက်ပါဆိတ်လစေ့မျိုးနှင့်လားလားမျှ မတူပါ။ မောင်သုမန၏ ဆိတ် လစေ့မှာ တကယ့်ဆိတ်လစေ့၊ အအောင့်အနာခံကာ ပုတ်ခတ်ပေးတတ်သော ဆိတ်လစေ့၊ မဂိုတန်းက ဆိတ်လစေ့သာဖြစ်ပါသည် ။မောင်သုမန၏ဆိတ်လစေ့ဋီကာမှာ ဟဒယရွှင်ပြုံးဖွယ်ဖြစ်ပါ၏။ ရွှင်ပြုံးကြပါ။ ရွှင်ပြုံးအောင် ရေးတတ်သူကိုလည်း ချီးမွှမ်းထိုက်ပါသည်။
မောင်သုမနမှာ စာရေးကောင်းသူတစ်ယောက်ဖြစ်လေသည်။ သို့ရာတွင် စာရေးကောင်းတိုင်းလည်း အကြောင်းဟုတ်ချင်မှ ဟုတ်လေသည်။ ကျွန်တော်အဘို့ကား ရွှင်ပြုံးရပါ၏။ ကျွန်တော်လည်း ပုထုဇဉ်ဖြစ် သဖြင့် ရွှင်ပြုံးစရာရှိလျှင် မရွှင်ပြုံးပဲမနေနိုင်ပါ။
သို့ရာတွင် ရွှင်ပြုံးရုံမျှနှင့်မကြေနပ်နိုင်ပဲ အကြောင်းဟုတ်သည်၊မဟုတ်သည်ကို စဉ်းစားဆင်ခြင်လေ့ရှိသဖြင့် ဗိုလ်ချုပ်သမုတ်လိုက်သောစကားသည် နိုင်ငံ၏အကျိုးထက် မိမိ၏အကျိုးစီးပွားတိုးတက်မှုကို ပို၍ကြည့်သော ၊ အချို့အချို့သောသတင်းစာတို့ကို၎င်း၊ အဖြူကိုလက်ကမ်း၍ အမဲကိုလှမ်းနေသော အချို့အချို့သော သတင်းစာတို့ကို၎င်း ထိုက်တန်လှပေသည်ဟု ယူဆပါကြောင်း......။ ။