ညနေဆည်းဆာအချိန်၊ သုဝဏ္ဏဘောလုံးကွင်းတွင် လူတွေက ပျားပန်းခပ်တမျှ အလွန်ပင်ရှုပ်ထွေးနေသည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ အရွယ်အလတ်၊ အတန်းအစားမရွေး သုဝဏ္ဏကွင်းရှေ့တွင် စုရုံးသွားလာ နေကြသည်။ အရောင်အသွေးတွေက စုံလင်စွာနဲ့ အမွှေးနံ့သာများက တစ်ကွင်းလုံး ဖုံးလွှမ်းထားသည်။ ဆောင်းတွင်းညနေခင်းမို့ လေနုအေးလေးတွေ တိုက်ခတ်လာ သည့်တိုင် အောင် ထီမထင်ဘဲ ဟိုနေရာ၊ ဒီနေရာ ရပ်တန့်စောင့်စားနေကြသူများ၊ ကွင်းအတွင်း ဝင်ရောက်နေကြသူများကား များပြားလှ၏။ တချို့သူများ၏ မျက်နှာမှာမူ ချွေးသီးလေးများကိုပင် တွေ့နေရသည်။
မကြာမီမှာပင် ရောင်စုံမီးများ လင်းလက်လာသည်။ VIP များသာဟုရေးထားသောနေရာတွင် ကားတစ်စီး ဝင်ရောက်လာတိုင်း “ ဟေး....လာပြီ၊လာပြီ ” ဆိုသောအသံတွေ ထွက်ထွက်လာသည်။ အပြင်ဖက်တွင်
“စောင့်နေတာကြာလှပြီ”“ကြာလိုက်တာကွာ...မလာသေးဘူး”“ဝင်နှင့်ကြရင်ကောင်းမယ်”ဆိုသောအသံ များ နည်းလာသည်နှင့်အမျှ ကွင်းအတွင်းတွင်မှာမူ လူပင်လယ်ကြီးအလား ထင်ရပါသည်။ ထူးခြားသည်မှာ လူတွေအားလုံးပင် အပြုံးများ ကိုယ်စီဆင်မြန်းထားကြပြီး မျှော်လင့်တကြီး စောင့်စားနေကြ သည်။
အဘယ့်ကြောင့်မူ ယနေ့ညတွင် သုဝဏ္ဏဘောလုံးကွင်း၌ ဂီတပဒေသာပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်သော ကြောင့်ပင်တည်း။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၂၅)နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခြင်း ဖြစ် သည်။ ယနေ့ အသက်(၂၅)နှစ်ဝန်းကျင်ရှိသောသူများမှာ ကြုံဖူးကြမည်ဟု မထင်မိပင်။ ယခင်ကဆိုလျှင် တီးဝိုင်းတစ်ဝိုင်းတွင် အဆိုတော်ကြီး၊ငယ်ပေါင်းမြောက်မြားစွာ ည(၉)နာရီလောက်မှစတင်သီဆိုကာ မနက် (၅)နာရီလောက်မှပင်ပြီး၏။ ယခုကဲ့သို့ သူ့ဝိုင်း၊ငါ့ဝိုင်း မခွဲခြား။ သီဆိုရန်လာခေါ်လျှင် ဝင်ဆိုပေးသည့်အတွက် ကြည့်ရသောသူမှာ တန်ပါသည်။ လက်မှတ်ခမှာလည်း အစိတ်၊ သုံးဆယ်မျှသာ ပေးရသည်။ သို့သော် သူခေတ်နှင့်သူတော့ တန်ဖိုးရှိသည်။ လက်မှတ်တစ်စောင်ဝယ်နိုင်လျှင် အဆိုတော်အများကြီးကို မိုးလင်း ပေါက်ကြည့်နိုင်၊ နားဆင်နိုင်သည်။