May i be free from mental suffering!!!
Showing posts with label ကျေးဇူးတင်လွှာ. Show all posts
Showing posts with label ကျေးဇူးတင်လွှာ. Show all posts

Tuesday, August 25, 2009

ကျေးဇူးတင်လွှာ

၂၀၀၈ ခုနှစ်ထဲမှာ ဘလောဂ့်ဆိုတဲ့အရာကို စတင်ထိတွေ့မိပါတယ်။ သူငယ်ချင်း မောင်ဘုန်းက သူတင် ထားတဲ့ဘလောဂ့်လေး ကို ဖွင့်ပြပါတယ်။ မြင်မြင်ချင်းပဲ အရမ်းစိတ်ဝင်စားသွားပါတယ်။ နောက်တစ်ကြိမ်ထပ်ပြီး ကြုံရတာက မချိုနွယ်သောင်းရဲ့အိမ်မှာပါ။ မောင်ဘုန်းက မချိုနွယ်သောင်းကို Blogsetting လေးတစ်ခုချပေးနေ တာတွေ့ရတော့ နောက်တစ်ခါဆို ငါ့အလှည့်ပဲလို့ စိတ်ထဲမှာ တေးထားလိုက်ပါတယ်။
အမှန်တိုင်းပြောရရင် ကျွန်တော့်အတွက်တော့ Blogဆိုတာ ဘာမှန်းမသိတဲ့အပြင် ကွန်ပြူတာဆိုတာ တောင် ရုပ်မြင်သံကြားနဲ့ လက်နှိပ်စက်ပေါင်းထားတယ် ဆိုတာလောက်သာ သိနေနှင့်တာပါ။ ကွန်ပြူတာ အခြေခံသင်တန်းကိုတောင် ၂၀၀၁ ခုနှစ်လောက်မှ တက်ဖြစ်ပါတယ်။ နောက်ပိုင်းတော့ လုပ်ငန်းခွင်မှာ အနည်းအကျဉ်းသုံးရပါတယ်။ ဒါပေမဲ့လည်း သုံးတတ်ရုံပဲတတ်တာပါ။ တခြားဘာမှမသိပါဘူး။ ကိုယ်ပိုင်ကွန်ပြူတာလဲ မရှိသေးပါဘူး။
ဒီလိုနဲ့ပဲ ကျွန်တော့်အတွက် Blog လေးတစ်ခု ပိုင်ဆိုင်ရမဲ့နေ့ကို ရောက်လာပါတယ်။ တစ်နေ့ မခေမာတို့အိမ်မှာ သူငယ်ချင်းတွေဆုံဖြစ်ကြတော့ ကျွန်တော့်ဆရာဖြစ်လာမဲ့ သူငယ်ချင်းမောင်ဘုန်းလဲ ရောက်လာပါတယ်။ သူ့ကို အတင်းကပ်ပူစာတော့ ကျွန်တော့် အတွက် Blog လေးတစ်ခုကို settingချပေးသွားပါတယ်။ နာမည်တစ်ခုပေးရမယ်ဆိုတော့ ကြိုတင်စဉ်းစားထားတဲ့ လေပြေသွေး ဆိုတာလေးပေးဖြစ်ခဲ့ပါတယ်။
Blog လဲရှိရော ပစ်ထားလိုက်တာ (၅)လလောက်ကြာသာသွားတယ် Post တစ်ခုမှ မတင်ဖြစ်ပါဘူး။ တကယ်တော့ Blogဆိုတာ သတင်းအချက် အလက်တွေကို အမြန်ဆုံးဖြန့်ချီပေးနိုင်တဲ့ မဂ္ဂဇင်း......အင်း မဂ္ဂဇင်းဆိုတာထက် (ကျွန်တော့်အထင်) နေ့စဉ်ထုတ် ဂျာနယ်တစ်စောင်နဲ့ ပိုတူပါတယ်။ ကိုယ်ပြောချင်တဲ့၊ ရေးချင်တဲ့ အကြောင်းအရာတွေကို နေ့စဉ်ရေးသားနိုင်လို့ပါပဲ။ တချို့ကလည်း နေ့စဉ်မှတ်တမ်းတစ်ခု အနေနဲ့လဲ ရေးကြပါတယ်။ စာတည်းမရှိသလို၊ တင်ပြခွင့်ပြုချက် တောင်းခံရမယ့် စာပေစီစစ်ရေးလို နေရာမျိုးလဲ မရှိပါဘူး။
ကိုယ်ဘာသာပဲ ကိုယ်ရေးသားတင်ပြမဲ့ အကြောင်းအရာ၊အချက်အလက် မှန်ကန်အောင် စီစစ်ရပါတယ်။ ကိုယ်ရေးသားတဲ့စာကို ကိုယ်ကိုယ်တိုင် တာဝန်ယူရဲရပါတယ်။ အခြားသူတွေရဲ့စာတွေကြောင့် ဗဟုသုတရစေ သလို ကိုယ့်ကြောင့်လဲ တစ်ခုခုရသွားရအောင် ကြိုးစားရပါတယ်လို့ ကိုညီလင်းဆက်ရဲ့ Postထဲမှာ ပြောထား ပါတယ်။
ပထမဆုံး Post ကိုစရေးတော့ အိုးနင်းခွက်နင်းနဲ့ပေါ့။ ကိုယ့် Blog က မလှမပ၊မသေမသပ်နဲ့။ ဒီလိုနဲ့ပဲ သူများ Blog တွေ လိုက်လည်ကြည့်၊ ဘာတွေလုပ်ထားတယ်၊ ဘယ်လို Design လေးတွေဖွဲ့ထားတယ်ဆိုတာ လေ့လာပြီး ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ပြန်လုပ်ကြည့်ရတာပါပဲ။ အစတော့ မှားတာပေါ့...ဒါပေမဲ့လဲ အားမလျှော့တမ်း လုပ်ကြည့်တဲ့အခါ ရသွားပါတယ်။
ဒီနေရာကနေပြီးတော့ သင်ဆရာ၊မြင်ဆရာ၊Senior Blogger တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော့် အတွက် Blog စတင်ပေးတဲ့ ဆြာမောင်ဘုန်းကို အထူးကျေးဇူးတင်ပါတယ်။ ။