May i be free from mental suffering!!!
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Tuesday, July 26, 2011

ကြက်ဖနှင့်နေမင်း


ကြက်ဖနှင့်နေမင်း

တစ်နေ့နံနက်
တစ်မနက်တွင်
ကြက်နဲ့နေမင်း
ပြိုင်ဆိုင်ငြင်း၍
အချင်းများခဲ့ဖူးပါသည်။

အိမ်ခေါင်တန်းထက်
တောင်ပံနှက်၍
ရွှေကြက်ဖကြီး
အောက်အီးအီးဟု
တွန်ပြီးသရော်
ရှေ့ဖက်မျှော်၍
ရဲဘော်နေဝန်း
အိပ်ရာခန်းက
ထွက်မြန်းဖို့သင့်
အချိန်လင့်ဟု
ဟန်နှင့်ပန်နှင့်
ဆိုလိုက်သည်။

ငါ့သူငယ်တော်
ရောင်နီပေါ်၍
ရဲဘော်ကြက်ဖ
အိပ်ရာထကာ
တွန်ရပါသည်။
ငါသာမနှိုး
သင်မနိုးဟု
မိုးဝရှေ့ဆီ မျက်နှာနီနှင့်
အဆီဝင်းဝင်း၊
ရှင်နေမင်းက
ငြင်းဆန်ချေပလိုက်ပါသည်။

ငါတွန်လို့ သင်နိုး၊
ငါနှိုးလို့ သင်တွန်၊
ငြင်းဆန်ချေပ၊
ချီချပြောကာ
နေခိုက်ခါတွင်
လယ်မှာယောင်္ကျား
လယ်သမားသည်
လယ်နွားကိုဖြုတ်၊
လယ်တင်းကုပ်သို့
လယ်လုပ်နားရန်
ခဏပြန်သည်
တာဝန်တစ်ခန်းပြီးခဲ့ပြီ။     ။

မင်းသုဝဏ်
ဆေးတက္ကသိုလ်(၁)နှစ်လည်မဂ္ဂဇင်း၊
၁၉၇၂-၇၃

Sunday, February 13, 2011

ေ​အာင်ဆ​န်း​ဇာ​န​ည်


ဖေဖော်ဝါရီဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေဦးဖာသား
ဇာတိနတ်မောက်မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဖွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား။



Sunday, May 30, 2010

သားတော်မောင် တစ်နှစ်ပြည့်ပြီ....


မျှော်လင့်ထားတဲ့ မေသုံးဆယ့်တစ်မှာ မင်းရောက်လာခဲ့တယ်။
ကောင်းကင်တခွင်လုံး လင်းလက်တောက်ပလို့ပေါ့။
သေးငယ်တဲ့အိမ်ကလေးထဲ ခြေကွေး၊လက်ကွေး
ကိုးလကြာနေခဲ့ရတော့ ပင်ပန်းနေရှာမှာပေါ့။
………..မင်းရောက်လာခဲ့ပြီပဲကွာ……….
မင်းရဲ့နေ့သစ်တွေကို အစွမ်းကုန်ထုဆစ်လိုက်ပါ။
မင်းရဲ့အတောင်ပံတွေကို ဖြန့်ကားပျံသန်းလိုက်ပါ။
မင်းအနားမှာ ငါတို့ဝိုင်းရံနေမှာပေါ့။

ဇာနည်(၁၀၀၅၃၀)

Wednesday, April 7, 2010

သဘာဝ


“ သဘာဝ ”

သာ
ရွာ
ပျော်....
မိုး
များ
ဖား
အော်....
နှင်း
ဖွဲ
ပဲ
ပေါ်....
သဘာဝလှနိုင်စေသော်....။

ကိုလေး(အင်းဝဂုဏ်ရည်)

(ကဗျာရဲ့ခေါင်းစဉ်ကိုတော့ မမှတ်မိတော့ပါဘူး။ စိတ်ထဲမှာ သတိရနေတုံး ပြန်ရေးချလိုက်တာပါ။ မှတ်မိတဲ့သူတွေ ပြန်ပြောပြပါအုံး။)

Tuesday, December 1, 2009

မိသားစု


မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။


စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ

Saturday, November 21, 2009

တူ နှင့် ပေ

“တူ နှင့် ပေ”

တို့ဘ၀တွင်
ပေဖြစ်စဉ်က
သင်ထုရိုက်နှက်
တူရိုက်ချက်သည်
ရက်စက် ကမ်းကုန် ငရဲပြည်….။

လောကတလှည့်
ပြောင်းလဲဘိ၍
သင့်အလှည့်ကျ
ပေဘ၀တွင်
တို့ကနိုင်သူ
အားမာန်ယူ၍
တူကို အဝေးပစ်လိုက်၏….။

(ဒေါက်တာ ထီလာစစ်သူ)

Thursday, October 29, 2009

ဆိပ်ကမ်း

ဆိပ်ကမ်း

ပင်လယ်တစ်ခုလုံး
လှိုင်းတွေမရှိ
စပယ်ပန်းတွေအပြည့်။

သက်တံလှေက
ကမ္ဘာ့ရေမြေတောတောင်မကျန်
ချစ်ခြင်းမေတ္တာကိုတင်ဆောင်။

ဆိပ်ကမ်းမှာတော့
အမုန်းမရှိ
စစ်ပွဲမရှိ
တရားရပြီးမှ
ထပ်မံငြင်းခုန်စရာတရားမရှိ။ ။

သုခမိန်လှိုင်

Sunday, October 25, 2009

အဲဒီ့ညက မိုးတွေရွာနေတယ်။



အဲဒီ့ညက မိုးတွေရွာနေတယ်။

ခေါက်ရိုးကျိုးနေတဲ့ အဖြစ်အပျက်ထဲ
မောက်မှားရောက်လာခဲ့သူကို
သံစဉ်ပျက် ချစ်ခြင်းတွေနဲ့
တတ်သိမှတ်ရာ ပညာတွေလဲပေးဝေခဲ့တယ်။
အဲဒီ့ညက မိုးတွေရွာနေတယ်။

ကာရံမှားနေတဲ့ ဘဝက
လက်ပြမနှုတ်ဆက်ဘဲ
တိတ်တဆိတ်ထွက်ခွာတော့မယ့်
ဒါဏ်ရာရ နှလုံးသားကိုတောင်
ဝိုင်သောက်ပြီး မြီးချင်နေသေးသတဲ့။
အဲဒီ့ညက မိုးတွေရွာနေတယ်။

မျှော်လင့်ခြင်းကွင်းပြင်တွေ နောက်ကျန်ရစ်
ဝေးကွာခြင်းတွေ အသားကျ
ခြောက်ခမ်းသွားတဲ့ အိမ်မက်မြစ်ထဲမှာ
ဗလာမဲ့ ရင်ခွင်ကို ပိုက်ထွေး
သိခြင်းမဲ့ စိတ်အစဉ်တွေနဲ့
လှမ်းလျှောက်လာခဲ့မိတယ်။
အဲဒီ့ညက မိုးတွေရွာနေတယ်။

ဇာနည် (၀၉၁၀၂၄)

မျှော်လင့်ခြင်းကွင်းပြင် - အငဲသီချင်း
ခြောက်ခမ်းသွားသော အိမ်မက်မြစ် - ဇော်ဝင်းထွဋ်သီချင်း

Wednesday, October 21, 2009

ငါ


ငါ

ငါ့ကိုငါ ပြန်ကြည့်မိတော့
ငါ့ဘဝဟာ ငါမဟုတ်ဘူး
ငါ့ကြမ္မာဟာ ငါမဟုတ်ဘူး
ငါ့အနာဂါတ်ဟာ ငါမဟုတ်ဘူး
ဒါကတော့ သေချာတယ်။
ဖြစ်ခြင်း၊ပျက်ခြင်း သဘောတွေကြားမှာ
ငါ့ကိုယ် ငါတောင်
“ ငါဘာကောင်လဲ ” ဆိုတာ
ငါမသိခဲ့ဘူး။

ငါကပြခွင့်ရခဲ့တဲ့ ပြဇာတ်တစ်ခုမှာတော့
မင်းသားလဲဖြစ်ခဲ့ရတယ်
လူရွှင်တော်လဲဖြစ်ခဲ့ရတယ်
လူကြမ်းလဲဖြစ်ခဲ့ဖူးတယ်
ဖြတ်လျှောက်ခန်းလဲ ပါဝင်ခဲ့ဖူးပါတယ်။
တကယ်ဆိုရင်
ငါ့ကိုယ်ငါ သရုပ်ဆောင်ကောင်းတစ်ယောက်လို့
သတ်မှတ်ရပေမပေါ့။

ဒါပေမဲ့…..ဒီလိုလဲ မဟုတ်ပြန်ဘူး
ပရိသတ်တွေရှေ့
ငိုပြလိုက်၊ရီပြလိုက်
ပြုံးပြလိုက်၊မဲ့ပြလိုက်
ကြမ်းပြလိုက်၊ရမ်းပြလိုက်
သဘာဝကျကျ သရုပ်ဆောင်နေပေမဲ့
ယထာဘူတ မကျတဲ့
နောက်ကွယ်က ငါ့ဘဝတွေကို
ဖတ်နိုင်တဲ့သူ နည်းလွန်းပါတယ်။

ဒီတော့ ငါဘာလဲပြောကြည့်စမ်းမယ်။
ငါက….ဇာတ်လိုက်လား
ငါက….လူရွှင်တော်လား
ငါက….လူကြမ်းလား
ငါက….ဇာတ်ပို့လား
………………
………………
ဘယ်အချိန်ကစပြီး
ငါနဲ့ငါ ပဋိပက္ခဖြစ်
ငါ့ကိုယ်ငါ ဆန့်ကျင်နေခဲ့ပါလိမ့်။

ဇာနည် (၀၉၁၀၂၁)

Tuesday, September 29, 2009

သိရခက်တဲ့စိတ်


“ သိရခက်တဲ့စိတ် ”

ဘဝမှာ
ခဏတာတွေ့ရပေမဲ့
ပျော်ရွှင်စရာတွေ နည်းပါး
ငြိုညင်စရာတွေသာ များနေခဲ့တယ်။

သိပ်ချစ်တော့
စိတ်ညစ်ရတယ်။

အနေမတတ်တော့
တွေရတတ်တယ်။

သဘောမသိပြန်တော့
ကျောထိခံရတယ်။

မရှောင်တိမ်းနိုင်ပြန်တော့
ဘောင်ဘင်ယိမ်းရတယ်။

ဒါတွေကို မေ့ပစ်
စိတ်သစ်လောင်းကာနေပြန်တော့
ငိုတစ်လှည့်၊ ရီတစ်လှည့်
ပြုံးတလှည့်၊ မဲ့တလှည့်နဲ့၊
ဆုံးဖြတ်ရလည်း ခက်စေခဲ့တယ်
…………ကွယ်………….
ဒီလိုနဲ့ပဲ သံသရာတွေလည်နေခဲ့တယ်။

ဇာနည် (၀၉၀၉၂၉)

Monday, September 28, 2009

ထွက်ပြေးတဲ့အခါ

တစ်ခါတလေ အခြေအနေ၊ အကြောင်းတစ်စုံတရာကြောင့် စိတ်တွေရှုပ်ထွေး၊ မွန်းကြပ်လာတဲ့ အခါ ကျွန်တော်တို့ဟာ ကိုယ်နေတဲ့အရပ်ကနေ၊ ကိုယ့်လုပ်ငန်းခွင်ထဲကနေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကနေ လွတ်မြောက်အောင်၊ထွက်ပြေးကောင်း ထွက်ပြေးမိကြပါလိမ့်မယ်။ အဲဒီအချိန်မှာ ခံစားချက်တူညီသူတွေအတွက် မျှဝေခံစားလို့ရအောင် ဒီကဗျာလေးကို တင်ပေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ထွက်ပြေး ရတာကိုက ထွက်ပြေးမရတာ” လို့ ဆရာမမေငြိမ်း က ပြောသွား ပါ တယ်။

“ ထွက်ပြေးတဲ့အခါ ”

ထွက်ပြေးတဲ့အခါ.....
ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင် လေးလံရဲ့။


ထွက်ပြေးတဲ့အခါ…
မျက်လုံးများစွာကြား
ပြားပြားဝပ်အကျဉ်းကျ
ပါးစပ်ပေါက်တွေက ကာဆီးတောင်တန်း
ကျရတဲ့ မျက်ရည်တွေက ပင်လယ်။


ထွက်ပြေးတဲ့အခါ…
နာကျင်ခြင်း မြွေတွေက
ခန္ဓာကိုလိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကိုပိုရုပ်ကြွလာစေပြန်တယ်။


ထွက်ပြေးတဲ့အခါ…
အရိပ်တွေဟာ
နဂိုထက်မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့ အသည်းက
မေ့ထားသမျှကို
ပို ပို သတိရ
အဲဒီအခါ…...
နင်ဟာ အနာတရနဲ့သာ
ထိုက်တန်တဲ့ကောင်လို့
ကိုယ့်ကိုယ်ကို ဆဲရေးရ…။


တကယ်တမ်းကျ…..
ထွက်ပြေးရ တာကိုက…
ထွက်ပြေးမရ…တာ။ … ။


မေငြိမ်း(၁၉၉၆)

Saturday, August 1, 2009

ကဗျာများ

“ သဏ္ဍာန် ”

လူ...
အပူရုပ်ကို ဟန်လုပ်
အကြံထုတ်ကာနေပေမဲ့
သဏ္ဍာန်ရုပ်က မပျောက်။

စက်ရုပ်...
သံပတ်နဲ့ အလုပ်လုပ်
အကြံမထုတ် ဟန်မလုပ်
သဏ္ဍာန်ရုပ်တော့ ပျောက်၏ ။ ။

ဇာနည်

Tuesday, July 28, 2009

“ တို့တိုင်းပြည် ”

ထလောမြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကားမျိုး၊ တညိုးညိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလောမြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုများ၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။

ထလောမြန်မာ၊ အိုမြန်မာတို့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍၊ တစ်ဝမ်းတစ်စိတ်
ညီစေသတည်း။ ။

ဇော်ဂျီ

Monday, July 27, 2009

ကဗျာများ

‘ ငါ...အနုလောမ...ပဋိလောမ ‘

ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမဲ့
ငါ့စိတ်ကို
ငါ့...အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကို ဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ...ငါ့မိတ်ဆွေတို့ရေ...
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ...သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါ့သိက္ခာအပြည့်အဝနဲ့။ ။

ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း၊ဇန်နဝါရီလ၊၁၉၉၃။

Saturday, July 25, 2009

ကဗျာများ

“ ချစ်ဇနီးသို့”


စိတ်ကြောင့် စိတ်ဆင်းရဲခဲ့ရသည်မို့
စိတ်နဲ့သာ စိတ်ကိုဖြေရတော့တယ်။

ဘဝများ
ဝေးကွာနေကြရ
ကလေးတွေနဲ့ဇနီးမယား
ထားခဲ့ရ တစ်နယ်တစ်ကျေးဆီ။

ဝေးလွန်းလှတဲ့ မိုင်ပေါင်းများစွာမှာ
စိတ်ကို စိတ်နဲ့သာ ခေါ်ရ၊ထူးရ
ဝရုန်းသုံးကား ဆူညံသံတွေကြား
တယ်လီဖုန်းတွေ အသုံးမကျ။

လူတွေရှုပ်ထွေး
ကားတွေ ကြပ်ညပ်
လမ်းဖြတ်ကူးတိုင်းမှာ ရတနာသုံးပါးကို ရွတ်ဆိုမိရ
(ကျေးဇူးတင်စရာ)

ငွေပေါ့ကွယ်
သင်းကြောင့်ပေါ့
ငါတို့ဝေးကွာနေရတာ သင်းကြောင့်ပေါ့။

ဆူးလေဘုရားလမ်းကြီးကို ဖြတ်ကူးတိုင်း
ပြေးနေတဲ့ စိတ်ဟာ
ပြေးနေတဲ့ငွေနောက်
ပြေးပြီးတော့လိုက်နေရဲ့။ ။

ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း၊ဇန်နဝါရီလ၊၂၀၀၅

ကဗျာများ

“ သား ”

မပေါ့မပါး
ခရီးသွားတဲ့
မီးဖွားတော့မယ့်
မိခင်တစ်ယောက်။

မိခင်က
လခြမ်းသဖွယ်
ကလေးငယ်ကို
သယ်ဆောင်လှမ်းတက်
ခရီးဆက်။

ဝမ်းအိမ်အလယ်
ကလေးငယ်လည်း
အချင်းကိုသယ်
စလွယ်သိုင်း
တောရိုင်း မြေကြမ်း
အတူလှမ်း
သားအိမ်ထမ်းရင်းနဲ့ မိခင်နဲ့။ ။

ကည်အောင်
(၂၇.၃.၂၀၀၉နေ့တွင် ကွယ်လွန်သည်။)

Monday, July 13, 2009

ကဗျာများ

“ငါ”

ငါ့မှာလည်းငါ သူ့မှာငါနှင့် ငါ့ငါသူ့ငါ တွေ့ကြရာဝယ်
ငါနဲ့ငါခြင်း ငါစစ်ခင်းလျှက် ပူပြင်းလျှံရဲ ငါပေါက်ကွဲ၏။
ငါဒုက္ခပေး ငါမအေး၍ ငါအေးရကြောင်း ခွင့်ခါချောင်းလျက်
ငါကောင်းကိုရှာ ငါဆိုးခွာသော် ကွာလေသည်သို့ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ ပခြုပ်ဗွေ၌ ငန်းမြွေမခြား
နှဲသံကြားလျှင် ပါးပျဉ်းထောင်လျက် ငါသည်ထွက်၏။
အို..ဖွားဖက်ငါ အသင်ငါနှင့် ငါမလျှော့တမ်း အားအင်စမ်းအံ့။
အစွမ်းသာသူ ပန်းဆွတ်ယူလိမ့်။
ငါမူငါ့ကိုယ် အောင်မည်လော။ ငါ့ကိုငါက အောင်မည်လော။ ။

(မင်းသုဝဏ်)