May i be free from mental suffering!!!
Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Monday, May 31, 2010

Journey to the Southern Islands

(၂၈.၅.၂၀၁၀)နေ့၊မနက်(၆း၀၀)နာရီ ထိုးသည်နှင့်တပြိုင်နက် ကျွန်တော်၏မျက်လုံးတစ်စုံ ပွင့်လာခဲ့ပါသည်။
တစ်မိုးသောက်ခဲ့ပြန်ပြီပေါ့။ စင်္ကာပူမှာနေလာခဲ့သည့်(၅)နှစ်လုံးလုံး ရွာပြန်သည့်နှစ်ကြိမ်မှလွဲ၍ ဒီအချိန် မနိုးဘူးသေး။ လူ၏စိတ်ကား  အလွန်စိတ်ဝင်စားဖို့ကောင်းလှပါသည်။ နှိုးစက်ပေးထားစရာမလို။ နံနက်စော စောထရမည်ဟု စိတ်ထဲ၌ပိုင်းဖြတ်ထားလျှင် မိမိမှန်းထားသည့်အချိန်နှင့်ထပ်တူနီးစွာ နိုးလာပါသည်။

နိုးလာသည်နှင့် ကျွန်တော်စတင်လုပ်ရသည့်အလုပ်ကား သူငယ်ချင်းများကို ဖုန်းဆက်ရသည့် အလုပ်ပင် ဖြစ်ပါသည်။ ကိုယ်၊လက် မသန့်စင်နိုင်အား။ သူတို့ကို အရင်လှမ်းပြီး ဖုန်းခေါ်၍နှိုးရသည်။ ရည်ရွယ်ချက်မှာ စင်္ကာပူပိုင် ကျွန်းလေးနှစ်ကျွန်းဖြစ်သော St.John's Island နှင့် Kusu Island သို့ သူငယ်ချင်းများစုပြီး အပျော်ခရီးထွက်ကြဖို့ပင်တည်း။ ရည်ရွယ်ချက်မှာ အထူးပင်ကြီးမားလှပါပေသည်။

ဒီတစ်ကြိမ်တော့ ကျွန်တော်တို့သူငယ်ချင်းတစ်စုမှာ များစွာညီညွတ်ကြပါသည်။ ချိန်းဆိုထားသည့်အချိန် အတိုင်း နီးကပ်စွာရောက်ရှိလာကြပါသည်။ ရှင်းပြပါအံ့။ နီးကပ်စွာဟုဆိုသည်မှာ မိနစ်(၃၀)ခန့်ကို ဆိုလိုပါသည်။ ကျွန်တော်တို့အဖို့မှာမူကား နာရီဝက် (ဝါ) မိနစ်(၃၀)ဆိုသည်မှာ အတော်လေးပင် အချိန်ကို လေးစားသည်ဟု မှတ်ယူရပါမည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် မြန်မာလူမျိုးများဖြစ်ကြ သောကြောင့် တစ်ယောက်ကိုတစ်ယောက်အားနာစွာပင် စောင့်ဆိုင်းပေးကြပါသည်။

Marina south pier ကိုရောက်တော့ (၈)နာရီရှိပါပြီ။ သူငယ်ချင်းတွေအားလုံး စုံကြတဲ့အချိန်ကတော့ ပထမဆုံး ferry boat စထွက်ဖို့ (၅)မိနစ်အလိုဖြစ်ပါသည်။ နံနက်(၉)နာရီမှာ ပထမဆုံး ferry boat စထွက် ပါသည်။ မေလ(၂၈)ရက်နေ့သည် စင်္ကာပူရုံးပိတ်ရက်ဖြစ်သောကြောင့် အပျော်ခရီးထွက်မည့်သူများကို များပြားစွာ တွေ့မြင်ရပါသည်။ အများစုမှာ မြန်မာလူမျိုးများပင်ဖြစ်ကြပါသည်။ ခရီးသွားခြင်းအလေ့အထမှာ အတော်ပင်ကောင်းလှသည်။ ဗဟုသုတများစွာရ၏။ ငွေကြေးချမ်းသာသောနိုင်ငံများမှာမူ အားလပ်ရက်ရှည် များ၌ ကောင်းနိုးရာရာ ဒေသများသို့ ခရီးထွက်ကြလေသည်။

Marina south pier

“ စောင့်နေရတာ နာရီဝက်ရှိသွားပြီ....”

 “ Ferry ထွက်တော့မယ်ဟေ့...တက်ကြစို့ ”

Monday, May 3, 2010

သွားပါများ ခရီးရောက်

 စင်္ကာပူအရှေ့ဖျားမှာရှိတဲ့ Pulau Ubin ကျွန်းကလေးကို အလုပ်သမားနေ့(၁.၅.၂၀၁၀)မှာ သူငယ်ချင်းတွေ စုပြီးသွားခဲ့ပါတယ်။ ပထမတော့ သွားဖို့ အစီအစဉ်မရှိပါဘူး။ ကောက်ခါငင်ကာ စီစဉ်လိုက်ရတာပါ။ အော်.... ဖြစ်ပုံများပြောပါတယ်။ အလုပ်ကလေး နှစ်ရက်ပိတ်လို့ အေးအေးဆေးဆေးနှပ်မလို့ ကြံပါတယ်။ မအေးဆေး လိုက်ရပါဘူး။ ကျွန်တော်တို့တစ်တွေများ အလုပ်ပိတ်တော့မှ ကိုယ့်ဒုက္ခကိုယ်ရှာပြီးတော့ ပိုပြီး ပင်ပန်းနေသ လိုပဲ။ (တကယ်လဲ ပင်ပန်းပါတယ်။ အလုပ်ဖွင့်ရက်တွေကမှ သက်သာသေးတယ်။)

Departure @ Changi Village

ကဲ..ကဲ..သွားကြမယ်လဲဆိုရော ကိုမျိုးအောင်က ဂစ်တာယူလာခဲ့ပါဆိုပြီး အမှာတော်ဆက်သမို့ ကျွန်တော် ကလဲ သိပ်ပြီးမယူချင်ရှာပါဘူး။ ဂစ်တာအိတ်ကို တမ်းဆွဲပါတယ်။ တစ်ခါမှလဲ မရောက်ဘူးတော့ ကျွန်း အကြောင်းလဲ မသိပါဘူး။ စက်ဘီးနင်းရမှာကိုတော့ သိတယ်။ ဒါပေမဲ့ စက်ဘီးစီးသွားပြီး အရိပ်ကောင်း တဲ့နေရာလေးရောက်ရင် နားပြီး အရင်ကလို စားကြ၊ သောက်ကြ၊ ဂစ်တာတီးပြီး သီချင်း ဆိုကြမယ်ထင်တာ ပေါ့။ ဘယ်ဟုတ်ပါ့မလဲ။ တစ်နေကုန် ဂစ်တာကြီးလွယ်ပြီး စက်ဘီးစီးလိုက်ရတာပဲ အဖတ်တင်ပါတယ်။ အခုထက်ထိ တင်ပါးတွေ ကြိမ်းနေတုန်းပဲ။
" Pulau Ubin အဝေးမှ လှမ်းမြင်ရစဉ် "

 " မာလိန်မှူးကြီး "

" သူငယ်ချင်းတွေ "

" Welcome to Pulau Ubin "