May i be free from mental suffering!!!
Showing posts with label စပ်မိစပ်ရာ. Show all posts
Showing posts with label စပ်မိစပ်ရာ. Show all posts

Saturday, August 1, 2009

စပ်မိစပ်ရာ



သူငယ်ချင်းတစ်ယောက်က mail ပို့လာတယ်။ ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲတဲ့။ လူတော်တော်များများဟာ (အထူးသဖြင့် ကျွန်တော်ပေါ့) ဖြစ်လာတဲ့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး ဖြေရှင်းဖို့ထက် ဝုန်းဝုန်း ဒိုင်းဒိုင်းနဲ့ မစဉ်းစား၊ မဆင်ခြင်ပဲ လက်လွတ်စပယ် ဖြေရှင်းတတ် ကြတယ်။ ဒီတော့ အမှားတွေ တွေ့ရတော့တာပေါ့။ မဖြစ်သင့်တာတွေလဲ ဖြစ်လာ တတ်တာပေါ့။ အသက်တွေကြီးလာလေလေ သင်ခန်းစာတွေ ပိုရရလာလေပါပဲ။ တစ်ခါတလေကြတော့လည်း တန်ဖိုးကြီးကြီး ပေးပြီး ရယူလိုက်ရတာလဲ ရှိပါတယ်။
သူ့ရဲ့ mail ထဲမှာ “ ပညာတတ်နဲ့ပညာမဲ့ ဘာတွေကွာမယ် ထင်ပါ သလဲလို့ မေးထားပါတယ်။ ဘာမှမကွာပါဘူး။ ကိုယ်၊ လက်၊ ခြေ အားလုံးအတူတူပါပဲ။ တစ်ခုပဲကွာတယ်။ ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်.....ဆိုတာပါပဲလို့ ပြန်ဖြေထားပါတယ်။

“ ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ”

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခု ပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလဲရောက်ရော ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာကြည့်ခိုင်းပြီး နေပူစာလှုံနေတဲ့ ခွေးကိုမထိစေဘဲ ခွေးရဲ့သို့ဘေးရောက်အောင် ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့်လန့်ပြီး ငေါက်ခနဲ ထရပ်လိုက်တယ်။ ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမယ့် ခဲလုံးမှန်းတော့ သူသိတယ်။ လန့်ပြီး ဒေါသထွက်နေတဲ့ ခွေးဟာ ခဲလုံးကိုသာ လိုက်ကိုက်နေတော့တယ်။ ခွေးဟာ ခဲလုံးက သူ့ကိုလဲ လာမထိဘူး၊ စားစရာလဲ မဟုတ်ဘူးဆိုတာ သိနေပေမဲ့ ခဲလုံးကိုသာကိုက်နေတယ်..။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်...။

နောက်တစ်ပတ်လောက်ကြာတော့ မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကိုထွက်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ သူတို့ဟာ နေရာအချက်အခြာကောင်းတဲ့ သစ်ပင်ပေါ်မှာ နေရာယူကြတယ်...။ သူတို့နေရာယူတဲ့ သစ်ပင်ရဲ့ရှေ့ဖက်မှာ ကျောက်ဂူတစ်ဂူရှိတယ်။ ကျောက်ဂူဝမှာ ခြသေ့င်္တစ်ကောင်ဟာ နေပူစာလှုံနေတယ်။

ဖခင်မုဆိုးကြီးဟာ သူ့သားကိုငြိမ်ငြိမ်နေဖို့ပြောပြီး ခြသေ့င်္ကို မထိစေဘဲ ခြသေ့င်္ရဲ့လက်နဲ့လည်ပင်းကြားထဲကို မြားတစ်စင်း ပစ်ထည့်လိုက်တယ်..။ မြားကလည်း လိုရာနေရာကို ကွက်တိပါပဲ။ ခြသေ့င်္ရဲ့ လည်ပင်းနဲ့လက်ကြားထဲကို သွားစိုက်ဝင်နေတယ်။ စွပ်ခနဲ လာစိုက်တဲ့ မြားကို ခြသေ့င်္က ဖြတ်ခနဲကြည့်ပါတယ်..။ ဒါပေမဲ့ ခြသေ့င်္က ဘာမှမလုပ်ပဲ သူ့လက်ကြားထဲ လာစိုက်တဲ့ မြားကို သေသေချာချာကြည့်ပြီး ငြိမ်နေတယ်။

ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။ ပြီးတော့ မြားကိုတစ်လှည့်၊ မြားလာရာ လမ်းကြောင်းကိုတစ်လှည့် သေခြာကြည့်တယ်..။ ခြသေ့င်္က မြားကိုဘာမှမလုပ်ဘဲ နေရာကထပြီး မြားလာရာလမ်းကြောင်းအစွန်းရှိ ရန်သူကိုတိုက်ခိုက်ဖို့ တစ်လှမ်းချင်းလှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့်..........
ကိုယ့်ကို ခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး................
ကိုယ့်ကို ရန်ပြုလာတဲ့ မြားကို လှစ်လျှူရှုပြီး မြားလာရာ လမ်းကြောင်းရဲ့
ဟိုဖက်မှာရှိတဲ့ အဓိကရန်သူကို တိုက်ခိုက်တတ်တဲ့ ခြသေ့င်္..............။

ခွေးကတော့ ခွေးပါပဲ.........ဒီလိုပဲ
ခြသေ့င်္ကလဲ ခြသေ့င်္ပါပဲ.....။ ဒါကြောင့်မို့လို့လဲ ခြသေ့င်္က တောဘုရင်ဖြစ်နေတာပေါ့။ လောကကြီးမှာ ဒီလိုပါပဲ..။
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်းတွန်းထိုး တိုက်ခိုက်တတ်လား.....။ ပြဿနာရဲ့အစကိုရှာပြီး ပြေလည်အောင်ဖြေရှင်းတတ်လားဆိုတဲ့ လူနှစ်မျိုးကွဲသွားပါတယ်...။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုယ်သင် မေးကြည့်ပါ။

ငါဟာ ခြသေ့င်္လား...........
ခွေးလား..............။
အဖြေရလာပါလိမ့်မယ်။ ။