May i be free from mental suffering!!!
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Monday, August 2, 2010

တစ်ခါက စကာင်္ပူနေ့များ (၃)

Farewell For THIHA SOE


(၁.၈.၂၀၁၀)တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ရဲ့သူငယ်ချင်း သီဟစိုးကို လေဆိပ်လိုက်ပို့ကြပါတယ်။ “စ”ကနေ အပြီးပြန်သွားတာပါ။ ဒီလိုခွဲသွားရတော့လည်း ရင်ထဲမှာ တစ်မျိုးကြီးပဲ။ စိတ်မကောင်းဘူး။ “စ”မှာ အတူတူ တွဲလာခဲ့ကြတာ (၅)နှစ်တောင်ကြာလာခဲ့ပြီပဲ။ ပြန်မယ်လို့ပြောနေတာက ကျွန်တော်....တကယ်ပြန်ဖြစ်သွား တာက..... သူ။ တကယ့်ကို ကောက်ခါငင်ကာ ပြန်ဖြစ်သွားတာပါ။ ကျွန်တော်နဲ့ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတစ်ရပ်ကြောင့် ကြောက်ပြေးပြေးသွားတာပါ။ ဘာပဲဖြစ်ဖြစ် save ဖြစ်သွားတာပေါ့။

၂၀၀၈ ခုနှစ် ကျွန်တော့်မင်္ဂလာဆောင်အပြီး ချောင်းသာကို Honeymoon ထွက်ကြတော့ သူလဲပါလာတယ်။ သူ ရန်ကုန်ကို အလည်ပြန်နေတဲ့ အချိန်ပေါ့။ ရန်ကုန်ပြန်ရောက်တုန်း သူမိဘတွေက ဘုန်ကြီးဝတ်ခိုင်းလို့ တစ်ပါတ်ဝတ်နေတုံး ကျွန်တော်ကအတင်းခေါ်လို့ (၄)ရက်ပဲဝတ်ပြီး လူပြန်ထွက်လာတယ်။ လူထွက်ပြီးပြီးချင်း ပဲခူးကနေ ရန်ကုန်ကိုချက်ချင်းဆင်းချလာပြီး ကျွန်တော်တို့အဖွဲ့နဲ့ လာပေါင်းပါတယ်။ ချောင်းသာမှာ ဖဲရိုက် ကြတော့ ဘုန်းကြီးလူထွက် ဒီကောင်က (၃)ရက်လုံးလုံး ကျွန်တော်တို့ဆီက ပိုက်ဆံတွေကို သိမ်းတော့ တာပါပဲ။ တစ်ပါတ်ပြည့်အောင်များ ဝတ်လို့ကတော့ဖြင့် ကျွန်တော်တို့အားလုံး ရှိတာတွေ ပေါင်ရမဲ့ကိန်းပဲဗျို့။

Monday, May 17, 2010

ကြွေလွင့်သွားသော အနုပညာရှင်များ


မနေ့က ၂၀၁၀ခုနှစ်၊မေလ(၁၆)ရက်နေ့တွင် သုခကမ္ဘာအထူးကုဆေးရုံ၌ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင် မင်းသားသုမောင် ခေါ် ဦးဗလ ကွယ်လွန်သွားခဲ့ပါတယ်။ ဦးသုမောင်ကို ဖခင်ဖြစ်သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုက ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး သား(၄) ယောက်အနက် ဒုတိယမြောက်သားဖြစ်ပါတယ်။ အင်ဂျင်နီယာဘွဲ့ရရှိကာ ၁၉၆၉ ခုနှစ်မှ စတင်၍ ယုဝတီ ဂျာနယ်တွင် စာပြင်အလုပ်ဝင်လုပ်ရာမှ ကဗျာများရေးဖွဲ့လာရင်း စာပေလောကသို့ရောက်ရှိလာပြီး နောက်ပိုင်းတွင် ရုပ်ရှင်နှင့် ဂီတနယ်ဘက်သို့ပါ ဝင်ရောက်လာခဲ့ပါတယ်။

ပထမဆုံးဝတ္ထုတိုကို အုပ်စိုး ဆိုသည့် ကလောင်အမည်နှင့် ရေးသားခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ဝတ်မှုံဂျာနယ်၌ ဖော်ပြခံရသည့် “သနပ်ခါးရည်ကျဲကျဲ” ဆိုသည့် ဝတ္ထုဖြစ်ပါတယ်။ ၄င်းအုပ်စိုးဆိုသော ကလောင်အမည်ကို ဦးသာဓုက ဝေဖန်ရာမှစ၍ ဦးသာဓုမသုံးဖြစ်တော့သော ကလောင်အမည် သု=ကောင်း သော၊ မောင်=လူကလေး အဓိပ္ပါယ်ရသော သုမောင်အမည်ဖြင့်ရေးသားသည့် ပထမဆုံးဝတ္ထုတိုမှာ “ငယ်အိပ်မက်”  ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်၌ ရှုမဝ မဂ္ဂဇင်းတွင်ဖော်ပြခဲ့ပါတယ်။ အချစ်၊ အချစ်လား.. သူဖျား နေတယ်၊ အချစ်နှင့်သူ၏ကိုကို၊ မျိုရိုးထဲမှ ဆိုးပေကြီးများ၊ ကွမ်းစကားစသော အောင်မြင်ကျော်ကြားသော စာအုပ်များ ရေးဖွဲ့ခဲ့ပါတယ်။

Monday, April 12, 2010

Water festival 2010 @ Hillview

နှစ်သစ်ကူးတဲ့ သင်္ကြန်ပွဲလေးကို သူငယ်ချင်းတွေနဲ့အတူ Hillview မှာ ပျော်ရွှင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ပါတော့မယ်။ တစ်နှစ်နဲ့တစ်နှစ် အချိန်တွေကုန်မြန်လိုက်တာ။ စုမိ၊ ဆောင်းမိတာဆိုလို့ အသက်တွေပဲရှိပါတယ်။ အသက်တွေ ပြန်ရောင်းလို့ရရင် သိပ်ကောင်းမှာပဲ။ “ ယူကြ အုံးမလား....တစ်ရာဖိုး ဆယ်နှစ် ” လို့သာ အော်ရောင်းချင်နေမိတယ်။

သင်္ကြန်မှာ ရေပက်ကြတယ်ဆိုတာ နှစ်ဟောင်းကအညစ်အကျေးတွေ နှစ်သစ်ကိုမပါလာစေဖို့ ရေနဲ့ ဆေး ကြောပစ်ကြတာလို့ ဆိုကြတယ်မဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ အားလုံး ထက်ပိုပြီး သန့်စင်သွားတယ်လို့ ဆိုရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေက ရေနဲ့ပက်တယ်။ လောင်းတယ်။ ဟုတ်တယ်ဟုတ်။ ဒါပေမဲ့ ကျွန်တော်တို့တတွေကတော့ ရောက်လာတဲ့သူတိုင်း ရေကူးကန်ထဲ ဝိုင်းပြီးတွန်းချကြတယ်။ ဒါကြောင့် ပိုသန့်သွားတယ်လို့ ပြောရတာပါ။

Tuesday, April 6, 2010

တိမ်ပြာပြာနေ့တစ်နေ့ Friday မှာကွယ်.....

Good friday နေ့က Khatib MRT station နားမှာရှိတဲ့ Lower seletar reservior park မှာ ကျွန်တော်တို့ရဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ မောင်ဘုန်းနဲ့မျိုးမျိုးတို့က မင်္ဂလာပွဲအထိမ်းအမှတ်ဧည့်ခံကျွေးမွေးပါတယ်။ (မောင်ဘုန်းဆိုတာ ကျွန်တော့်ရဲ့ Blog ဆရာပါ။) ရုံးပိတ်ရက်လဲဖြစ်နေတာမို့ အပေါင်းအသင်းတွေ တော်တော် စုံပါတယ်။ နေရာထိုင်ခင်းလေးကလဲ အရမ်းစိတ်ကြည်နူးဖို့ကောင်းပါတယ်။


မောင်ဘုန်းနဲ့မျိုးမျိုး

မင်္ဂလာမောင်နှံ စတော်ဘယ်ရီစားနေကြစဉ်

Wednesday, November 18, 2009

တစ်ခါက စင်္ကာပူနေ့များ (၂)

စင်္ကာပူရောက်ပြီး (၆)လလောက်ကြာတော့ ကျွန်တော့်ရဲ့ငယ်သူငယ်ချင်း မင်းအောင်နဲ့ပြန်ပြီးတွေ့ရပါတယ်။ အရင်တုံးက ဂစ်တာတီးဖက်၊သီချင်းဆိုဖက်ပေါ့။ မှတ်မိပါသေးတယ်။ တစ်ခါက အင်းစိန်ထောင်ဝင်းထဲ ညဘက် သူငယ်ချင်းတွေနဲ့ဂစ်တာတီးပြီး သီချင်းတွေအော်ဆိုကြတော့ ထောင်ပိုင်ကြီးလိုက်ဖမ်းလို့ ထွက်ပြေးကြ ရပါတယ်။ ထွက်သာပြေးကြရတယ်....မင်းအောင်ရဲ့အဖေက ထောင်မှူးကြီးဖြစ်ပြီး နောက်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ ဆွေမျိုးကျော်ရဲ့အဖိုးကတော့ ကျွန်တော်တို့ကိုလိုက်ဖမ်းခိုင်းတဲ့ ထောင်ပိုင်ကြီးဦးစိန်ဌေး ဖြစ်ပါတယ်။ အခုတော့လည်း လွမ်းစရာလေးတွေပေါ့။



မင်းအောင်နဲ့ပြန်တွေ့ကြတော့ သူတို့ကအဖွဲ့လေးတစ်ဖွဲ့ဖွဲ့ထားကြပြီး ဒီမှာလိုက်တီးနေကြပါတယ်။ Ex-RIT ပွဲတွေနဲ့ သင်္ကြန်ပွဲတွေမှာ တီးပြီးနေကြပါပြီ။ တီးဝိုင်းခေါင်းဆောင်ကတော့ စာရေးဆရာကြီး ဦးအောင်သင်းရဲ့ သား ကိုအောင်မြိုင်သင်းပါ။ မင်းအောင်က Lead Guitar တီးပါတယ်။ ရဲမြင့်ကတော့ Bass Guitar တီးပါတယ်။ စိုင်းကျောက်ကတော့ Drum တီးပြီး ဆရာကြီး(ကိုအောင်မြိုင်သင်း)ကတော့ Rhythm တီးပါတယ်။ Band ကို တော့ The Candle လို့ အမည်ပေးထားပါတယ်။






သူတို့တစ်တွေ Jumping လုပ်ကြတော့ ကျွန်တော်လဲလိုက်သွားဖြစ်ရင်းကနေ သီချင်းဆိုဖြစ်သွားပါတယ်။ နဂို ကလည်း ပိုးရှိတာကိုး။ ကောင်းတာ၊မကောင်းတာ အသာထားလို့ ဆိုင်းသံကြားတာနဲ့တင် ဒီကကောင်က.....က ချင်နေပြီ။ သူတို့အဖွဲ့က မိတ်ဆွေတစ်ယောက်ဖွင့်ထားတဲ့ မြန်မာ Beer Pub လေးတစ်ခုမှာ တစ်လနှစ်ခါ လောက် Weekend တွေမှာ Promotion သွားလုပ်ပေးရမယ်။ Unplugged လေးပေါ့။ ဆိုင်နာမည်ကတော့ Myanmar Melody လို့ခေါ်ပြီး Peninsula နားက Adelphi Building ရဲ့ Basement မှာ ဖွင့်ထားတာပါ။


ဆိုင်ပိုင်ရှင်တွေကတော့ ကျွန်တော့်ရဲ့ချစ်အကိုကြီး ကိုတင်ဇော်ဦးနဲ့ မအေးတို့ လင်မယားပဲဖြစ်ပါတယ်။ အရမ်း လဲ သဘောကောင်းကြပြီး ကျွန်တော်နဲ့ဆိုရင်တော့ စိတ်ကောက်ဖော်၊စိတ်ကောက်ဖက်တွေပေါ့။ ကိုတင်ဇော်ဦး ကို ချစ်စနိုးနဲ့ ကိုဗိုက်လို့ခေါ်ကြပါတယ်။ ကျွန်တော်တို့(၆)လလောက်ဆိုအပြီးမှာ ဆိုင်လဲ ပိတ်လိုက်ပါတော့ တယ်။ (ဟီး..ဟီး..ကျွန်တော်ဝင်ဆိုလိုက်လို့လားတော့ မသိဘူး)အခုတော့ သူတို့ဆိုင်မှာဆိုကြတဲ့ Saturday Nights တွေကို သတိရနေပြီး Boat Quay က Saturday Night Dinner လေးတွေကိုလဲ အရမ်းလွမ်းနေ မိပါတယ်။

Saturday, October 31, 2009

တစ်ခါက စင်ကာပူနေ့များ

တစ်ခါက စင်ကာပူနေ့များ

၁၉၉၅ ခုနှစ်၊ကျောင်းပြီးကတည်းက နိုင်ငံခြားထွက်ခဲ့တဲ့ ကျွန်တော်ဟာ ၂၀၀၁ခုနှစ် ပြန်ရောက်တော့ ဘာလုပ် ရမှန်း သိဘဲ ယောင်လည်လည်ဖြစ်နေတုန်း Yoma Bank မှာ အလုပ်ရသွားပါတယ်။ ဘဏ်မှာ (၃)နှစ်လောက် လုပ်နေရင်း တဖက်မှာလဲကိုရီးယားသွားဖို့ ကြိုးစားနေခဲ့ပါတယ်။ ကျိမ်းသေအလုပ်ဖြစ်မယ်လို့ ပြောထားတဲ့ ကိုရီးယားကြီးကိုလဲ စရံငွေတွေ ချထားတာပေါ့။ ဒီကြားထဲ မြောက်ဥက္ကလာပ၊ဘုန်းကြီးကျောင်းမှာ ကိုရီးယားစာ(အရေး/အဖတ်) သွားသင်လိုက်တာ တစ်နှစ်ကျော်သာကြာသွားတယ် အလုပ်က ဖြစ်မလာဘူး။ ကြာလာတော့ စိတ်မရှည်တော့တာနဲ့ စရံငွေပြန်ထုတ်လိုက်ပြီး တခြားသွားဖို့ စဉ်းစားရတော့တယ်။ အဲဒီမှာတင် ငွေလေးသိန်း လောက်ဆုံးသွားပါတယ်။ကိုရီးယားကြီး ပြန်မပေးတာပါ။ တကယ်လို့ ကိုရီးယားရောက်ရင် ဟိုကကိုရီးယားတွေ ဘယ်လိုခိုင်းမလဲမသိသေးခင် ရန်ကုန်မှာတင် ဒီကကိုရီးယားကြီးက သင်ခန်းစာပေးသွားပါပြီ။

ဒီလိုနဲ့ ဂိန်နေတုန်း သူငယ်ချင်းတစ်ယောက်က စင်ကာပူမှာ spass တွေချပေးနေတယ်၊ သွားလုပ်ပါလားလို့ သတင်းပေးလာပါတယ်။ မိဘတွေနဲ့ကောင်မလေးကို တိုင်ပင်ပြီး သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သုခစုစံမှာ စရံသွားချထားလိုက်ပြီး အေးရာအေးကြောင်း မေ့ထားလိုက်ပါတယ်။ အဲဒီ့အချိန်မှာ ဘဏ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို သူငယ်ချင်းတွေနဲ့ စုလုပ်နေပါတယ်။ နှစ်လလောက် မေ့မေ့ပျောက်ပျောက် နေနေတုံး အေးဂျင့်ဆီက ဖုန်းဝင်လာပါတယ်။ S pass ကျပြီ။ ငွေအကြေလာသွင်းပါတဲ့။ ဘဝနှယ်..ပြောပါတယ်။ ကိုယ်သွားချင်လွန်းလို့ သင်တန်းတွေတက်၊စာတွေသင်၊ကိုရီးယားကြီးဆီ အခေါက်ခေါက်၊အခါခါသွားနဲ့ နှစ်နှစ်လောက်ကြာသွားတယ်။ ဘာမှဖြစ်မလာဘူး။ ဘဝင်တော့မဟုတ်ပါဘူးဗျ။ အမှန်အတိုင်းပြောရရင် အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်သွားပြီး မလုပ်ချင်တော့ပါဘူး။ အရှေ့အာရှတို့၊ဥရောပတို့ကိုသာ သွားချင်နေတာ။

ထားလိုက်ပါတော့ဗျာ။ ဒီလိုနဲ့ ငွေအကြေချေတဲ့နေ့မှာ ကျွန်တော်နဲ့အတူ “စ”လုံးသွားမဲ့ အဖော်ကို စပြီးတွေ့ လိုက်ရတယ်။ “ကိုဝဏ္ဏဇော်”တဲ့။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း၊ ဆံပင်နီကြောင်ကြောင်နဲ့။ သူ့ဘေးမှာ သူ့ဦးလေးလို့ ထင်ရတဲ့ ခပ်ဝဝလူတစ်ယောက်လဲပါလာတယ်။ ဘာတော်လဲမေးကြည့်တော့မှ သူ့ညီတဲ့။ ကျွန်တော့် ငယ်ချင်းကိုက နုတာပါ။ (ဟီး..ဘီယာတိုက်ရမယ်နော်)လည်လည်ဝယ်ဝယ်ရှိမယ် လို့ထင်ရတဲ့ သူတို့ညီအကိုက ဘာမှမပြောတော့ ကျွန်တော်ကပဲ ငွေဈေးနှုန်းအတက်အကျ၊ အတိုးအလျော့တွေ ပြောပြီး ဆစ်လိုက်တော့ တစ်ယောက်ကို သုံး၊လေးသောင်းလောက် သက်သာသွားပါတယ်။ သုံးယောက်သား ပျော်ပြီးထွက်လာလိုက်တာ ဖိနပ်စီးမယ်လုပ်တော့ ရန်ကုန်မှာ Taxi မောင်းတဲ့ သူ့ညီလူလည်ရဲ့ဖိနပ်ကိုဘယ်သူ “မ” သွားမှန်းမသိလိုက်ဘဲ ခြေဗလာနဲ့ပြန်ခဲ့ရတယ်။

(၉.၉.၂၀၀၅)နေ့မနက်ပိုင်း Silk Air နဲ့ ရန်ကုန်က စတင်ထွက်လာခဲ့တာ စင်ကာပူချန်ဂီလေဆိပ်ကို နေ့ခင်းပိုင်း ရောက်ပါတယ်။ တနိုင်တပိုင်အထုပ်လေးတွေဆွဲပြီး လေယာဉ်ပေါ်ကဆင်းလာကြပါတယ်။ လေဆိပ် ထဲရောက်တော့ ပြည်ပအတွေ့အကြုံ ရှိတဲ့ ကျွန်တော်က ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ပါတယ်။ ဟော့....တွေ့ပြီ။ ဧည့်ကြိုထောင်ထားတဲ့ ဆိုင်းဘုတ်မှာ ကျွန်တော့်နာမည်ကိုတွေ့လိုက်ရတယ်။ ကိုဝဏ္ဏ နာမည်ကို ပါလိုက်ရှာပါတယ်။ မတွေ့ပါဘူး။ သူကလည်း“ဟေ့လူ...ကျုပ်နာမည်လဲမပါဘူး”လို့ မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။ “ဟာ..မပါလို့ရမလား။ အေးဂျင့်ကလည်းအတူတူပဲ(မြန်မာပြည်က ရော၊စင်ကာပူကရော)၊ လာတာလဲ တစ်နေ့ထဲပဲ၊ လေယာဉ်လဲ တစ်စီးထဲပဲ”လို့ အားပေးပြီး နှစ်ယောက်သား ပြူးတူးပြဲတဲ လိုက်ရှာတာ လဲ မတွေ့ပါဘူး။ သူလဲ ပြာနေပြီ။ သူ့ သူငယ်ချင်းတစ်ယောက်ဆီကို Free call နဲ့ ဖုန်း ခေါ်ပြီး မေးနေပါတယ်။ ဒါနဲ့ပဲ သူ့ကိုအားပေးပြီး Passport ရယ်၊ MOM က ကျထားတဲ့ S Pass စာရွက်စာတန်း တွေရယ်၊ White Card ရယ်ကို Immigration မှာပြပြီး ဝင်သာလာခဲ့၊ ပြီးရင် အပြင်မှာစောင့်နေမယ်လို့မှာပြီး ကျွန်တော်လဲ ထွက်လာခဲ့ ပါတယ်။

အပြင်မှာလာကြိုနေတဲ့ အေးဂျင့်ကို အကျိုးအကြောင်းပြောပြပြီး သူ့ကိုစောင့်နေပါတယ်။ လူတွေကုန်သွားပြီး ပစ္စည်းတွေသယ်တဲ့ Belt ကြီးသာရပ်သွားပါတယ်။ ကိုယ့်လူမထွက်လာသေးဘူး။ သူ့ပစ္စည်းတွေကိုတော့ တာဝန် ကျပုဂ္ဂိုလ်တွေက ဘေးမှာချထားလိုက်ပါပြီ။ နာရီဝက်လောက်ကြာတော့မှ ကိုယ့်ငယ်ချင်းထွက်လာတာကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကိုရှာနေတဲ့ သူ့မျက်လုံးတွေနဲ့ ကျွန်တော့်ရဲ့မျက်လုံးတွေ သွားဆုံလိုက်တာနဲ့ သူ့မျက်နှာပြုံးပျော်သွားပြီး သူ့အိတ်တွေကို လက်ညှိုးထိုးပြနေတာကို မတွေ့ဘဲ ကျွန်တော်ရှိတဲ့ အပြင်ဖက်ကို လွတ်ပြီ၊ကျွတ်ပြီဆိုတဲ့စိတ်နဲ့ ထွက်ချလာပါတယ်။ ဝမ်းသာလုံးဆို့ပြီး ဘာပစ္စည်းမှပါမလာခဲ့ပါဘူး။ သူ့ရဲ့ အိတ်တွေကတော့ ရပ်နေတဲ့ Beltကြီးဘေးမှာ ငုတ်တုပ်မေ့နေလေရဲ့။ ဒါနဲ့ပဲ တာဝန်ကျပုဂ္ဂိုလ်တွေကို အဖြစ် အပျက်ရှင်းပြပြီး နောက်တစ်ခေါက်ပြန်ဝင်ပြီး သွားယူခဲ့ရတဲ့ တစ်ခါက စင်ကာပူနေ့တွေထဲက တစ်နေ့ပေါ့........။