May i be free from mental suffering!!!

Monday, August 31, 2009

လိုက်ဆိုကြည့်ပါ...

မောင်ဘုန်းဘလောဂ့်ထဲမှာ တွေ့ရတော့ အရမ်းကြိုက်သွားလို့ ကျွန်တော့်ထဲမှာ ပြန်တင်ထားလိုက်တာပါ။ နားထောင်ကြည့်ပါ။ လိုက်လဲဆိုကြည့်ပါ။ စာသားတွေလဲပါပါတယ်။ တကယ်ကြိုက်သွားပါလိမ့်မယ်။

Sunday, August 30, 2009

Yoga ကျင့်ကြရအောင်....

တခါတလေကြတော့လည်း လောကကြီးဟာ ထူးဆန်းလှပါတယ်။ ကျွန်တော်တို့ ရံဖန်ရံခါ သောက်ကြစားကြပြီး မူးကွဲနေကြတဲ့အချိန်မှာ yoga ကျင့်စင်တွေနဲ့တူလှပါတယ်။ ဒါကြောင့် သောက်တတ်စားတတ်တဲ့သူတွေဟာYoga ကို အထူးတလည် ကျင့်နေစရာမလိုပါဘူး။ ဒီလိုပြောလိုက်လို့လည်း အားတက်ပြီး သိပ်သောက်မနေကြ နဲ့အုံး။



















Thursday, August 27, 2009

တကျွန်းစံ

တကျွန်းစံ


ရှေးတုံးက တကျွန်းကို အပို့ခံရတယ်ဆိုတာ အင်မတန်ထက်မြက်တဲ့၊ ကြောက်စရာကောင်းတဲ့၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ သူတွေရဲ့နေရာကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ လူသတ်၊ဒါးပြတိုက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့၊ နှစ်ကြီးပြစ်ဒါဏ် ကျခံရတဲ့ ထောင်ကျလူဆိုးကြီးတွေကိုသာ ဝေးလံခေါင်ဖျားတဲ့ တကျွန်းကို အပို့ခံရတာပါ......။
တကျွန်းမှာ ရေမရှိ၊ နေစရာမရှိ၊ စားစရာဆိုတာလဲ အင်မတန်ရှားပါး၊ အဝတ်အထည်ဆိုတာလဲ ရှား၊ သွားလာရေးဆိုတာကလည်း တော်တော်ပိုက်ဆံကုန်မှ ထောင်ဝင်စာသွားတွေ့နိုင်တာပါ။ ဒါကြောင့် တချို့နှစ်ကြီးသမားတွေရဲ့မိန်းမတွေဟာ တကျွန်းကိုလိုက်နေ၊ ကြုံရာအလုပ်လုပ်၊ မိသားစုအတူတကွ နေထိုင်နိုင်ရေးကို ဦးစားပေးကြသတဲ့။ တကျွန်းပြန်ဟေ့...ဆိုရင် ရွာမှာ အတော်ကြောက်ကြသတဲ့။ ငိုနေတဲ့ ကလေးတောင် ချက်ချင်းတိတ်သတဲ့........။
ဒီခေတ်ကြီးထဲမှာ တကျွန်းစံဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်။ တကျွန်းမှာ ရေမရှိပါ။ သုံးရေ၊သောက်ရေ ဝယ်သောက်ရပါတယ်။ တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ။ ပိုက်ဆံဈေးကြီးပေးပြီးမှ ရပါတယ်။ အပေါ့အပါးသွားရင်တောင် ဆယ်ပြားပေးရပါတယ်။ ဆေးလိပ်တစ်ဗူးတန်ဖိုးဟာ ထမင်းသုံးနပ်စာ ပေးဝယ်ရပါတယ်။ အဝတ်အထည်ဈေးဆိုတာ မေးမနေနဲ့၊ သွားတာကြည့်။ ကြည့်ယုံကြည့် လို့ပြောတာနော်။ ယောင်ပြီး ဝယ်ချင်လို့ကတော့ ကုန်ပြီဆရာပဲ......။
တကျွန်းမှာ မိသားစုလိုက်နေချင်တယ်...ဟုတ်လား။ နှစ်ကြီး ကျတာလား၊ နှစ်နည်းနည်း ကျတာလား? ဒါဆို IC ပြလေ။ အော်.... ထောင်ဒါဏ်ငါးနှစ်...ဟုတ်လား။ ဒါဆို မိသားစုလိုက်နေလို့ရတယ်။ ဒါကို PR ကျတယ်လို့ ခေါ် တယ်။ အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ငါးနှစ်ဆိုတာ တော်ရုံလူမရဘူး။ တော်တော်အပြစ်ကြီးလို့ ရတာ။ မိသားစုလိုက်နေလို့ရတယ်။ ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့။ တစ်ဘဝလုံး ရုန်းပေတော့.......။
ဟင်.....ဒီတစ်ယောက်က ထောင်ဒါဏ်နှစ်နှစ်ဆိုပေမဲ့ တစ်မိသားစုလုံးကို Support လုပ်နိုင်တယ်....ဟုတ်လား။ အော်...အလုပ်ချိန် Long Hour လုပ်ပြီး လစာက တစ်မိသားစုလုံး လောက်တယ်ပေါ့။ အေးအေး... ဒါကို EP ပြစ်မှုလို့ခေါ်တယ်ကွဲ့။ သိလား။ ဟင်းဟင်း...ဒီလူလဲ တကျွန်းက ပြန်မထွက်နိုင်ပါဘူး။ ရသမျှ ကုန်ပြီသာ မှတ်ပေတော့။ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုမိမှာ မဟုတ်ဘူး......။
မိသားစုခေါ်ခွင့်မရှိတဲ့ ပြစ်မှုတွေကတော့ S Pass နဲ့ Work Permit Class တွေပေါ့။ ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့လစာ တစ်ဝက်လောက်တော့ ပြန်ပို့နိုင်ကောင်းပါရဲ့။ စုနိုင်ရင်လို့ ပြောတာနော်။ ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ကတော့ ဒီလူတွေလဲ ဒီနွံမှာ နစ်နေကြမှာပါပဲ......။ သက်တမ်းတွေက နှစ်နှစ် တစ်ခါတိုးတာလေ။ တချို့လဲ တစ်နှစ်တစ်ခါပေါ့။ အလုပ်ပြောင်းရင် အစက ပြန်လျှောက်ပေါ့။ ဒါ.. ဒီကျွန်းရဲ့စည်းကမ်း.......။
ဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်။ အံသြစရာကောင်းတာက ဒီကျွန်းမှာ ဝဋ်ခံဖို့ လူတွေ အလုအယက် ပိုက်ဆံပေးလာခြင်းပဲ။ အကြောင်းကြောင်းကြောင့် ပြန်ရမယ်ဆို တချို့တွေက စိတ်မကောင်းဖြစ်၊တချို့တွေကတော့ အနိုင်နဲ့ပိုင်းပြီး စောစောနဲ့မြန်မြန် အိမ်ကိုပြန်ကြတယ်.......။
ပြစ်မှုကြွေး......ချွေးနဲ့ဆပ် တဲ့။
မိတ်ဆွေ.....အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကျေအောင် မြန်မြန်ဆပ်ကြရအောင်။ ။

ကဲ......ဒီကျွန်းမှာ နှစ်ကြီးကျတာလား၊ နှစ်နည်းနည်းကျတာလား ??? IC ပြလေ။

Tuesday, August 25, 2009

ကျေးဇူးတင်လွှာ

၂၀၀၈ ခုနှစ်ထဲမှာ ဘလောဂ့်ဆိုတဲ့အရာကို စတင်ထိတွေ့မိပါတယ်။ သူငယ်ချင်း မောင်ဘုန်းက သူတင် ထားတဲ့ဘလောဂ့်လေး ကို ဖွင့်ပြပါတယ်။ မြင်မြင်ချင်းပဲ အရမ်းစိတ်ဝင်စားသွားပါတယ်။ နောက်တစ်ကြိမ်ထပ်ပြီး ကြုံရတာက မချိုနွယ်သောင်းရဲ့အိမ်မှာပါ။ မောင်ဘုန်းက မချိုနွယ်သောင်းကို Blogsetting လေးတစ်ခုချပေးနေ တာတွေ့ရတော့ နောက်တစ်ခါဆို ငါ့အလှည့်ပဲလို့ စိတ်ထဲမှာ တေးထားလိုက်ပါတယ်။
အမှန်တိုင်းပြောရရင် ကျွန်တော့်အတွက်တော့ Blogဆိုတာ ဘာမှန်းမသိတဲ့အပြင် ကွန်ပြူတာဆိုတာ တောင် ရုပ်မြင်သံကြားနဲ့ လက်နှိပ်စက်ပေါင်းထားတယ် ဆိုတာလောက်သာ သိနေနှင့်တာပါ။ ကွန်ပြူတာ အခြေခံသင်တန်းကိုတောင် ၂၀၀၁ ခုနှစ်လောက်မှ တက်ဖြစ်ပါတယ်။ နောက်ပိုင်းတော့ လုပ်ငန်းခွင်မှာ အနည်းအကျဉ်းသုံးရပါတယ်။ ဒါပေမဲ့လည်း သုံးတတ်ရုံပဲတတ်တာပါ။ တခြားဘာမှမသိပါဘူး။ ကိုယ်ပိုင်ကွန်ပြူတာလဲ မရှိသေးပါဘူး။
ဒီလိုနဲ့ပဲ ကျွန်တော့်အတွက် Blog လေးတစ်ခု ပိုင်ဆိုင်ရမဲ့နေ့ကို ရောက်လာပါတယ်။ တစ်နေ့ မခေမာတို့အိမ်မှာ သူငယ်ချင်းတွေဆုံဖြစ်ကြတော့ ကျွန်တော့်ဆရာဖြစ်လာမဲ့ သူငယ်ချင်းမောင်ဘုန်းလဲ ရောက်လာပါတယ်။ သူ့ကို အတင်းကပ်ပူစာတော့ ကျွန်တော့် အတွက် Blog လေးတစ်ခုကို settingချပေးသွားပါတယ်။ နာမည်တစ်ခုပေးရမယ်ဆိုတော့ ကြိုတင်စဉ်းစားထားတဲ့ လေပြေသွေး ဆိုတာလေးပေးဖြစ်ခဲ့ပါတယ်။
Blog လဲရှိရော ပစ်ထားလိုက်တာ (၅)လလောက်ကြာသာသွားတယ် Post တစ်ခုမှ မတင်ဖြစ်ပါဘူး။ တကယ်တော့ Blogဆိုတာ သတင်းအချက် အလက်တွေကို အမြန်ဆုံးဖြန့်ချီပေးနိုင်တဲ့ မဂ္ဂဇင်း......အင်း မဂ္ဂဇင်းဆိုတာထက် (ကျွန်တော့်အထင်) နေ့စဉ်ထုတ် ဂျာနယ်တစ်စောင်နဲ့ ပိုတူပါတယ်။ ကိုယ်ပြောချင်တဲ့၊ ရေးချင်တဲ့ အကြောင်းအရာတွေကို နေ့စဉ်ရေးသားနိုင်လို့ပါပဲ။ တချို့ကလည်း နေ့စဉ်မှတ်တမ်းတစ်ခု အနေနဲ့လဲ ရေးကြပါတယ်။ စာတည်းမရှိသလို၊ တင်ပြခွင့်ပြုချက် တောင်းခံရမယ့် စာပေစီစစ်ရေးလို နေရာမျိုးလဲ မရှိပါဘူး။
ကိုယ်ဘာသာပဲ ကိုယ်ရေးသားတင်ပြမဲ့ အကြောင်းအရာ၊အချက်အလက် မှန်ကန်အောင် စီစစ်ရပါတယ်။ ကိုယ်ရေးသားတဲ့စာကို ကိုယ်ကိုယ်တိုင် တာဝန်ယူရဲရပါတယ်။ အခြားသူတွေရဲ့စာတွေကြောင့် ဗဟုသုတရစေ သလို ကိုယ့်ကြောင့်လဲ တစ်ခုခုရသွားရအောင် ကြိုးစားရပါတယ်လို့ ကိုညီလင်းဆက်ရဲ့ Postထဲမှာ ပြောထား ပါတယ်။
ပထမဆုံး Post ကိုစရေးတော့ အိုးနင်းခွက်နင်းနဲ့ပေါ့။ ကိုယ့် Blog က မလှမပ၊မသေမသပ်နဲ့။ ဒီလိုနဲ့ပဲ သူများ Blog တွေ လိုက်လည်ကြည့်၊ ဘာတွေလုပ်ထားတယ်၊ ဘယ်လို Design လေးတွေဖွဲ့ထားတယ်ဆိုတာ လေ့လာပြီး ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ပြန်လုပ်ကြည့်ရတာပါပဲ။ အစတော့ မှားတာပေါ့...ဒါပေမဲ့လဲ အားမလျှော့တမ်း လုပ်ကြည့်တဲ့အခါ ရသွားပါတယ်။
ဒီနေရာကနေပြီးတော့ သင်ဆရာ၊မြင်ဆရာ၊Senior Blogger တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော့် အတွက် Blog စတင်ပေးတဲ့ ဆြာမောင်ဘုန်းကို အထူးကျေးဇူးတင်ပါတယ်။ ။

Monday, August 24, 2009

Before and after marriage

လက်မထပ်ခင်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာ ယောက်ျားလေးတွေရဲ့အကြောင်းကို ကျွန်တော်ရဲ့မိန်းကလေးသူငယ်ချင်းတွေကို တိတ်တိတ်လေးပြောပြထားချင်ပါတယ်။ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။ ဘယ်ယောက်ျားလေးကိုမှ သွားမပြောပြပါနဲ့။ ဘယ်သူက ဖွင့်ပြောပြတာလဲလို့လဲ သွားမပြောလိုက်ပါနဲ့။

လက်မထပ်ခင်.....

သူ။ ။ အင်း..
နောက်ဆုံးတော့...........
စောင့်နေရတဲ့အချိန်တွေက သိပ်ကြာတာပဲ။

သူမ။ ။ မောင့်အနားက ထွက်သွားစေချင်သလား.....မောင်။

သူ။ ။ အိုး.....ဒါမျိုး ဘယ်တော့မှ မတွေးပါနဲ့။

သူမ။ ။ တကယ်ချစ်လား...ဟင်။

သူ။ ။ အင်းပေါ့။

သူမ။ ။ ကျွန်မကို လိမ်ပြောမှာလားဟင်။

သူ။ ။ ဟင့်အင်း...ဘာဖြစ်လို့ အမြဲတမ်းမေးနေတာလဲကွာ။

သူမ။ ။ အိမ်အလုပ်တွေကိုလဲ ကူလုပ်ပေးမယ် မဟုတ်လား။

သူ။ ။ အင်းလေ။

သူမ။ ။ စိတ်ဆိုးရင်ကော ရိုက်မှာလား။

သူ။ ။ မထင်ပါနဲ့ကွာ....မောင်က ဒီလိုလူစားမျိုး မဟုတ်ပါဘူး။

သူမ။ ။ မောင့်ကို တစ်သက်လုံး ယုံထားမယ်နော်။

သူ။ ။ အင်း


****** လက်ထပ်ပြီးတဲ့အချိန်ကို သိချင်ရင်တော့ အောက်ဆုံးကနေပြန်ဖတ်ပါ။

ကာတွန်း

ကာတွန်း အော်ပီကျယ်ရဲ့ ထိမိတဲ့ ကာတွန်းလေးတွေပါ။