May i be free from mental suffering!!!

Monday, August 2, 2010

တစ်ခါက စကာင်္ပူနေ့များ (၃)

Farewell For THIHA SOE


(၁.၈.၂၀၁၀)တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ရဲ့သူငယ်ချင်း သီဟစိုးကို လေဆိပ်လိုက်ပို့ကြပါတယ်။ “စ”ကနေ အပြီးပြန်သွားတာပါ။ ဒီလိုခွဲသွားရတော့လည်း ရင်ထဲမှာ တစ်မျိုးကြီးပဲ။ စိတ်မကောင်းဘူး။ “စ”မှာ အတူတူ တွဲလာခဲ့ကြတာ (၅)နှစ်တောင်ကြာလာခဲ့ပြီပဲ။ ပြန်မယ်လို့ပြောနေတာက ကျွန်တော်....တကယ်ပြန်ဖြစ်သွား တာက..... သူ။ တကယ့်ကို ကောက်ခါငင်ကာ ပြန်ဖြစ်သွားတာပါ။ ကျွန်တော်နဲ့ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတစ်ရပ်ကြောင့် ကြောက်ပြေးပြေးသွားတာပါ။ ဘာပဲဖြစ်ဖြစ် save ဖြစ်သွားတာပေါ့။

၂၀၀၈ ခုနှစ် ကျွန်တော့်မင်္ဂလာဆောင်အပြီး ချောင်းသာကို Honeymoon ထွက်ကြတော့ သူလဲပါလာတယ်။ သူ ရန်ကုန်ကို အလည်ပြန်နေတဲ့ အချိန်ပေါ့။ ရန်ကုန်ပြန်ရောက်တုန်း သူမိဘတွေက ဘုန်ကြီးဝတ်ခိုင်းလို့ တစ်ပါတ်ဝတ်နေတုံး ကျွန်တော်ကအတင်းခေါ်လို့ (၄)ရက်ပဲဝတ်ပြီး လူပြန်ထွက်လာတယ်။ လူထွက်ပြီးပြီးချင်း ပဲခူးကနေ ရန်ကုန်ကိုချက်ချင်းဆင်းချလာပြီး ကျွန်တော်တို့အဖွဲ့နဲ့ လာပေါင်းပါတယ်။ ချောင်းသာမှာ ဖဲရိုက် ကြတော့ ဘုန်းကြီးလူထွက် ဒီကောင်က (၃)ရက်လုံးလုံး ကျွန်တော်တို့ဆီက ပိုက်ဆံတွေကို သိမ်းတော့ တာပါပဲ။ တစ်ပါတ်ပြည့်အောင်များ ဝတ်လို့ကတော့ဖြင့် ကျွန်တော်တို့အားလုံး ရှိတာတွေ ပေါင်ရမဲ့ကိန်းပဲဗျို့။



သူနဲ့ကျွန်တော်က ၂၀၀၂ခုနှစ်လောက်က စပြီးသိခဲ့ကြတာပါ။ ရန်ကုန်မှာပေါ့။ သူကလည်း မလေးရှားက ပြန်လာခါစ...ကျွန်တော်ကလည်း မလေးရှားကပြန်လာပြီး ရိုးမဘဏ်မှာ အလုပ်ဝင်လုပ်နေတုန်းကပေါ့။ နှစ်ယောက်စလုံး ကိုရီးယားသွားဖို့ မြောက်ဥက္ကလာပဘုန်းကြီးကျောင်းမှာ ကိုရီးယားစာသင်နေရင်းဆုံမိကြပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ မလေးရှားမှာတုန်းက (၅)နှစ်လောက်အလုပ်လုပ်ခဲ့ကြတာ တစ်ယောက်နဲ့ တစ်ယောက် မဆုံခဲ့၊ မတွေ့ခဲ့ကြ ပါဘူး။

ကျွန်တော်တို့နှစ်ယောက် ကိုရီးယားဘာသာ အရေး၊ အဖတ်၊ အပြောကို တစ်နှစ်ခွဲလောက်ကြာအောင် တက်ခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်းမှာ UFL First Year Course သာပြီးသွားပါတယ်။ ကိုရီးယားကိုတော့ မရောက်ဖြစ်ခဲ့ကြပါဘူး။ အချိန်နဲ့ငွေတွေသာ ကုန်သွားပါတယ်။ ဘယ်လိုမှ ကြိုးစားလို့မရတဲ့အဆုံးမှာတော့ စကာင်္ပူသွားဖို့ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်က Agent တစ်ခုနဲ့ချိတ်မိပြီး သွားဖို့ ကြိမ်းသေတော့မှ သူ့ကိုလည်း ချိတ်ပေးခဲ့ပါတယ်။ တစ်လလောက်ပဲခြားပြီး သူရောက်လာခဲ့ပါတယ်။

သူ စကာင်္ပူကို ရောက်တဲ့နေ့က ဒီက Agent က လာမကြိုဘူး။ ချန်ဂီလေဆိပ်ထဲမှာ ယောင်လည်လည် ဖြစ်နေတဲ့ သီဟစိုးက ကျွန်တော်ဆီကို ဖုန်းလှမ်းဆက်တော့ ကျွန်တော်ကလည်း အလုပ်ထဲမှာ။ Agent ဆီကို ဖုန်းလှမ်းဆက်တော့လည်း သွားကြိုနေတယ်လို့ပြောတယ်။ လေဆိပ်မှာ သူနဲ့ဘယ်လိုလွဲကြလည်း မသိဘူး။ ဒါနဲ့ ကျွန်တော်အလုပ်ပြီးအောင်ပဲ သူ့ကို လေဆိပ်ထဲမှာ စောင့်ခိုင်းထားပြီး အလုပ်ပြီးတော့မှ ကျွန်တော်သွား ခေါ်လာရတယ်။ အရေးထဲ လမ်းမှာ သူ့ဖိနပ်ခွာကွာသွားလို့ ဘတ်လပ်ဘတ်လပ်နဲ့ တလမ်းလုံး ဒီအတိုင်း လျှောက်လာရတယ်။ ကျွန်တော့်ဆီမှာ ညဖက်အိပ်ခိုင်းထားပြီး မနက်ကျတော့မှ သူ့Agent က လာခေါ် သွားတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ စကာင်္ပူနေ့ရက်တွေကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။













သူမပြန်ခင် သူချစ်တဲ့သူငယ်ချင်းတွေအတွက် နှုတ်ဆက်စာလေး ထားခဲ့ပါတယ်။ ကျွန်တော်ပြန်လည် ဖော်ပြ ပါရစေ.......
“ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်
ပန်ချီကားတစ်ချပ်လိုပါပဲ
ဒီမှာနေခဲ့ရတဲ့ ကာလတစ်လျှောက်
ပျော်ရွှင်စရာ...ဝမ်းနည်းစရာ...ကြည်နူးစရာ
အရာအားလုံးဟာ
ကျွန်တော့်ဘဝတလျှောက်မှာ
အမှတ်တရဖြစ်နေမှာပါ
မမြင်ရသေးတဲ့ အနာဂါတ်အတွက်
ဘာမှမပြောနိုင်သေးပေမယ့်
အားလုံးကိုနှုတ်ဆက်ဖို့တော့
သေချာခဲ့ပါပြီ
အပြန်ခရီးမှာ
ခင်မင်မှုအငွေ့အသက်တွေကို
ကျောပိုးအိတ်ထဲ ထည့်ပြီး
သယ်သွားနိုင်တဲ့အတွက်တော့
ကျွန်တော်ကြေနပ်ပါတယ်
ဘဝမှာ
ဒီလိုပန်းချီကားချပ်မျိုး
နောက်ထပ်ကြည့်ခွင့်ရမယ်လို့
မထင်တော့ပါဘူး။ ”

ဘယ်လောက်လွမ်းစရာကောင်းတဲ့ စာလေးလဲဗျာ။ ဒါပေမဲ့ သူငယ်ချင်းရေ....မင်းကိုတစ်ခုတော့ ပြောချင် ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးတဲ့။ တစ်ချိန်ချိန်တော့ ငါတို့ပြန်ဆုံကြအုံးမှာပါ။ အဓိကက ငါတို့တစ်တွေ ပြန်ဆုံကြအုံးမယ်ဆိုတာ မင်းရဲ့စိတ်ထဲမှာ စွဲနေအောင် ယုံကြည်ထားဖို့ပါပဲ.....သူငယ်ချင်း။

ps. ဓါတ်ပုံများကို kma မှ modify လုပ်ထားပါသည်။

No comments: