May i be free from mental suffering!!!

Monday, May 31, 2010

Journey to the Southern Islands

(၂၈.၅.၂၀၁၀)နေ့၊မနက်(၆း၀၀)နာရီ ထိုးသည်နှင့်တပြိုင်နက် ကျွန်တော်၏မျက်လုံးတစ်စုံ ပွင့်လာခဲ့ပါသည်။
တစ်မိုးသောက်ခဲ့ပြန်ပြီပေါ့။ စင်္ကာပူမှာနေလာခဲ့သည့်(၅)နှစ်လုံးလုံး ရွာပြန်သည့်နှစ်ကြိမ်မှလွဲ၍ ဒီအချိန် မနိုးဘူးသေး။ လူ၏စိတ်ကား  အလွန်စိတ်ဝင်စားဖို့ကောင်းလှပါသည်။ နှိုးစက်ပေးထားစရာမလို။ နံနက်စော စောထရမည်ဟု စိတ်ထဲ၌ပိုင်းဖြတ်ထားလျှင် မိမိမှန်းထားသည့်အချိန်နှင့်ထပ်တူနီးစွာ နိုးလာပါသည်။

နိုးလာသည်နှင့် ကျွန်တော်စတင်လုပ်ရသည့်အလုပ်ကား သူငယ်ချင်းများကို ဖုန်းဆက်ရသည့် အလုပ်ပင် ဖြစ်ပါသည်။ ကိုယ်၊လက် မသန့်စင်နိုင်အား။ သူတို့ကို အရင်လှမ်းပြီး ဖုန်းခေါ်၍နှိုးရသည်။ ရည်ရွယ်ချက်မှာ စင်္ကာပူပိုင် ကျွန်းလေးနှစ်ကျွန်းဖြစ်သော St.John's Island နှင့် Kusu Island သို့ သူငယ်ချင်းများစုပြီး အပျော်ခရီးထွက်ကြဖို့ပင်တည်း။ ရည်ရွယ်ချက်မှာ အထူးပင်ကြီးမားလှပါပေသည်။

ဒီတစ်ကြိမ်တော့ ကျွန်တော်တို့သူငယ်ချင်းတစ်စုမှာ များစွာညီညွတ်ကြပါသည်။ ချိန်းဆိုထားသည့်အချိန် အတိုင်း နီးကပ်စွာရောက်ရှိလာကြပါသည်။ ရှင်းပြပါအံ့။ နီးကပ်စွာဟုဆိုသည်မှာ မိနစ်(၃၀)ခန့်ကို ဆိုလိုပါသည်။ ကျွန်တော်တို့အဖို့မှာမူကား နာရီဝက် (ဝါ) မိနစ်(၃၀)ဆိုသည်မှာ အတော်လေးပင် အချိန်ကို လေးစားသည်ဟု မှတ်ယူရပါမည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် မြန်မာလူမျိုးများဖြစ်ကြ သောကြောင့် တစ်ယောက်ကိုတစ်ယောက်အားနာစွာပင် စောင့်ဆိုင်းပေးကြပါသည်။

Marina south pier ကိုရောက်တော့ (၈)နာရီရှိပါပြီ။ သူငယ်ချင်းတွေအားလုံး စုံကြတဲ့အချိန်ကတော့ ပထမဆုံး ferry boat စထွက်ဖို့ (၅)မိနစ်အလိုဖြစ်ပါသည်။ နံနက်(၉)နာရီမှာ ပထမဆုံး ferry boat စထွက် ပါသည်။ မေလ(၂၈)ရက်နေ့သည် စင်္ကာပူရုံးပိတ်ရက်ဖြစ်သောကြောင့် အပျော်ခရီးထွက်မည့်သူများကို များပြားစွာ တွေ့မြင်ရပါသည်။ အများစုမှာ မြန်မာလူမျိုးများပင်ဖြစ်ကြပါသည်။ ခရီးသွားခြင်းအလေ့အထမှာ အတော်ပင်ကောင်းလှသည်။ ဗဟုသုတများစွာရ၏။ ငွေကြေးချမ်းသာသောနိုင်ငံများမှာမူ အားလပ်ရက်ရှည် များ၌ ကောင်းနိုးရာရာ ဒေသများသို့ ခရီးထွက်ကြလေသည်။

Marina south pier

“ စောင့်နေရတာ နာရီဝက်ရှိသွားပြီ....”

 “ Ferry ထွက်တော့မယ်ဟေ့...တက်ကြစို့ ”



 ferry ပေါ်မှာ

Oliver နဲ့ ရီမွန်

Marina south pier မှ Singapore Island Cruise နဲ့ထွက်လာပြီး St.John's Island သို့ ရောက်အောင် မိနစ်(၂၀)ခန့်စီးရပါသည်။ ကျွန်တော်တို့ သူငယ်ချင်းမှာ လူကြီး(၁၄)ယောက်နှင့် ကလေး(၂)ယောက်ပါဝင် ပါသည်။ အုပ်စုကား အလွန်ပင် တောင့်လှ၏။ St.John's Island သို့ရောက်တော့ နံနက်(၉း၃၀)ခန့်ရှိပါပြီ။ ကျွန်းက သေးငယ်လှသည်။ ပိုက်ဆံချမ်းသာသောနိုင်ငံများအဖို့တော့ ရှိသည့်နေရာကလေးကို လှပအောင်၊ လူတွေလာအောင် လုပ်ထားပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကမူ ဤကျွန်း၌ ကူးစက်ရောဂါ (ကိုယ်ရေ ပြားရောဂါ)သည်များ၊ နိုင်ငံရေးအကျဉ်းသားများနှင့် အန္တရာယ်ကြီးသော လူဆိုးဂိုဏ်းခေါင်းဆောင်များကို ထားသောနေရာတစ်ခုဖြစ်ခဲ့ပါသည်။ ယနေ့မှာကား အများပြည်သူအပန်းဖြေရာနေရာအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။

St.John's Island

ဒီလိုလဲ အပန်းဖြေကြတယ်

ပိုက်ဆံဖြုန်းနိုင်ကြတဲ့သူတွေကတော့ ရွက်လှေငှား၊ ဘေးမှာပိုက်ကွန်တစ်ခုချ၊ ပြီးတော့ပိုက်ထဲဆင်းရေစိမ်ပြီး ရွက်လှေလိုက်စီးကြပေသည်။ ကောင်းလှပေစွ။ ကျွန်တော်တို့အဖို့ကားငေးကြည့်ပြီး အားကျရုံသာတတ်နိုင် ကြပါသည်။ တစ်ချိန်တည်း စိတ်ထဲ၌ အမိမြေကို အရမ်းသတိရလိုက်ပါသည်။ အမိမြေကဲ့သို့ များပြားသော
မြစ်၊ချောင်း၊အင်း၊အိုင်များ၊ ထူထပ်သော တောတောင်၊သစ်တောများ၊ ကျယ်ပြန်သော မြေပြန့်လွင်ပြင်များ၊ ရှည်လျားလှပသော ပင်လယ်ကမ်းခြေများ၊ ဗုဒ္ဓဘာသာဝင်တို့ ကြည်ညိုကိုးကွယ်ရာ စေတီပုထိုးများ၊ သမမျှ တသည့် ရာသီဥတုတို့ဖြင့် ပြည်စုံသောနိုင်ငံ ကမ္ဘာပေါ်တွင်များစွာမရှိပေ။ အထူးအဖြင့် အရှေ့တောင်နိုင်ငံ များတွင် လုံးဝမရှိသော ဆီးနှင်းတို့ဖြင့်ဖုန်းလွှမ်းနေသော ရေခဲတောင်သည် အမိမြေမြောက်ဖျားတွင် တည်ရှိ နေပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ပြုလုပ်နိုင်ခဲ့လျှင်၊ နယ်မြေအေးချမ်းသာယာခဲ့လျှင် နိုင်ငံခြားဝင်ငွေများကို အလွယ်တကူကဲ့ယူနိုင်သော နေရာပင်ဖြစ်ပါသည်။ နှမြောလှပေစွ။

“ နေရာဦးကြမယ်ဟေ့ ”

“ ကစားကြမယ် ”


“ စားကြမယ် ”

“ သစ်ပင်ပေါ်က Photographer ”

ကျွန်းပေါ်သို့ရောက်ပြီး နေရာထိုင်ခင်းကောင်းကောင်းဦးပြီးသည်နှင့် ငယ်မူငယ်သွေးပြန်ကာ မျောက်ရှုံး လောက်အောင် ဆော့ကစားကြပါတော့သည်။ ကလေးနှစ်ယောက်မှလွဲ၍ ကျန်သူများမှာ လူလတ်ပိုင်းများ ဖြစ်ပါသည်။ ကိုယ်လက်လှုပ်ရှား ကစားခြင်းကား ကျန်းမာရေးအတွက် ကောင်းလှ၏။ စိတ်ဖိစည်းမှု များလှသော ကျွန်တော်တို့လို ရေခြားမြေခြားအလုပ်သမားအဖို့ကား စိတ်လွတ်၊လက်လွတ်၊ ပျော်ပျော်ပါးပါး ကစားကြခြင်းသည် ဖိအားတစ်ချို့ကို လျော့ကျစေသည်ကတော့ အမှန်ပင်ဖြစ်ပေသည်။

“ ကူးကြမယ်ဟေ့...ကောင်းကောင်း ”

“ Singapore Flyer ”

“ အဖွဲ့သားများ ”


ကျွန်တော်တို့မှာ အမျိုးမျိုးကစားကြ၏။ ခြင်းလုံးခတ်ကြသည်။ ဘောလုံးကန်ကြသည်။ ဂစ်တာတီးကြ၊ သီချင်း ဆိုကြသည်။ ရေကူးကြသည်။ အထူးသဖြင့် မြန်မာလူမျိုးများအဖို့ ငယ်စဉ်က ကစားဖူးခဲ့သော ထွေခုနှစ်ချပ် ကစားနည်းကို ပြန်လည်ဖော်ထုတ်ကြပါသည်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရအောင်ဖြစ်ပါသည်။ ၂၀၁၃ တွင် မြန်မာနိုင်ငံ၌ အရှေ့တောင်အာရှအားကစားပွဲတော် ကျင်းပတော့မည်မဟုတ်တုံ့လော။ ရွှေတံဆိပ်များ များရအောင် ၄င်းကစားနည်းကို ထည့်သွင်းကျင်းပပါက ကျွန်တော်တို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ကြို တင် မောင်းခတ်လိုက်ရပေသည်။

မှတ်ချက်။      ။ အိုးခြမ်းပဲ့ရှာမရသဖြင့် ဘီယာဗူးခွံထဲ သဲထည့်ပြီး ကစားခဲ့ပါသည်။

4 comments:

ကိုမျိုး (အညာမြေ) said...

နောက်တစ်ခေါက် သွားဖြစ်ရင် လက်တို့ပါအုံးဗျို့.............

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

လေပြေသွေး said...

ok ပါဗျာ။ စာရင်းတို့ထားလိုက်ပါ့မယ်...ကိုမျိုးရေ။

ကိုမျိုး (အညာမြေ) said...

တို့ထားလိုက်အုံးဗျ..

မေ့နေလို့ကတော့... မခေါ်ရေးချ မခေါ်...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

sai said...

လေပြေ..ပွဲတွေ တိုက်နေလို့ မလိုက်ဖြစ်လိုက်တာ..ပုံလေးတွေ ကြောင့် ကိုယ်တိုင် ပါနေသလိုပဲ.. တူတူ မသွားကြ၊ မကစားရတာ ရတာကြာနေပြီ..:)