May i be free from mental suffering!!!

Friday, December 24, 2010

မြင်ချင်စမ်းပါဘိတော့တယ်.......

 
ညနေဆည်းဆာအချိန်၊ သုဝဏ္ဏဘောလုံးကွင်းတွင် လူတွေက ပျားပန်းခပ်တမျှ အလွန်ပင်ရှုပ်ထွေးနေသည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ အရွယ်အလတ်၊ အတန်းအစားမရွေး သုဝဏ္ဏကွင်းရှေ့တွင် စုရုံးသွားလာ နေကြသည်။ အရောင်အသွေးတွေက စုံလင်စွာနဲ့ အမွှေးနံ့သာများက တစ်ကွင်းလုံး ဖုံးလွှမ်းထားသည်။ ဆောင်းတွင်းညနေခင်းမို့ လေနုအေးလေးတွေ တိုက်ခတ်လာ သည့်တိုင် အောင် ထီမထင်ဘဲ ဟိုနေရာ၊ ဒီနေရာ ရပ်တန့်စောင့်စားနေကြသူများ၊ ကွင်းအတွင်း ဝင်ရောက်နေကြသူများကား များပြားလှ၏။ တချို့သူများ၏ မျက်နှာမှာမူ ချွေးသီးလေးများကိုပင် တွေ့နေရသည်။

မကြာမီမှာပင် ရောင်စုံမီးများ လင်းလက်လာသည်။ VIP များသာဟုရေးထားသောနေရာတွင် ကားတစ်စီး ဝင်ရောက်လာတိုင်း “ ဟေး....လာပြီ၊လာပြီ ” ဆိုသောအသံတွေ ထွက်ထွက်လာသည်။ အပြင်ဖက်တွင် 
“စောင့်နေတာကြာလှပြီ”“ကြာလိုက်တာကွာ...မလာသေးဘူး”“ဝင်နှင့်ကြရင်ကောင်းမယ်”ဆိုသောအသံ များ နည်းလာသည်နှင့်အမျှ ကွင်းအတွင်းတွင်မှာမူ လူပင်လယ်ကြီးအလား ထင်ရပါသည်။ ထူးခြားသည်မှာ လူတွေအားလုံးပင် အပြုံးများ ကိုယ်စီဆင်မြန်းထားကြပြီး မျှော်လင့်တကြီး စောင့်စားနေကြ သည်။

အဘယ့်ကြောင့်မူ ယနေ့ညတွင် သုဝဏ္ဏဘောလုံးကွင်း၌ ဂီတပဒေသာပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်သော ကြောင့်ပင်တည်း။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၂၅)နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခြင်း ဖြစ် သည်။ ယနေ့ အသက်(၂၅)နှစ်ဝန်းကျင်ရှိသောသူများမှာ ကြုံဖူးကြမည်ဟု မထင်မိပင်။ ယခင်ကဆိုလျှင် တီးဝိုင်းတစ်ဝိုင်းတွင် အဆိုတော်ကြီး၊ငယ်ပေါင်းမြောက်မြားစွာ ည(၉)နာရီလောက်မှစတင်သီဆိုကာ မနက် (၅)နာရီလောက်မှပင်ပြီး၏။ ယခုကဲ့သို့ သူ့ဝိုင်း၊ငါ့ဝိုင်း မခွဲခြား။ သီဆိုရန်လာခေါ်လျှင် ဝင်ဆိုပေးသည့်အတွက် ကြည့်ရသောသူမှာ တန်ပါသည်။ လက်မှတ်ခမှာလည်း အစိတ်၊ သုံးဆယ်မျှသာ ပေးရသည်။ သို့သော် သူခေတ်နှင့်သူတော့ တန်ဖိုးရှိသည်။ လက်မှတ်တစ်စောင်ဝယ်နိုင်လျှင် အဆိုတော်အများကြီးကို မိုးလင်း ပေါက်ကြည့်နိုင်၊ နားဆင်နိုင်သည်။


တီးဝိုင်းများမှာလည်း အတော်ပင်များပြားစွာရှိသည်။ Playboy,LPJ, New wave, The Rays, Aurora, Aces,The Wild Ones, Success,The King, The Brothers နဲ့ မဇ္ဈိမလှိုင်း တို့ဖြစ်သည်။ အားလုံးပင် နာမည်ကြီးကြ၏။ ယနေ့မှာမူ သုံး၊လေးဝိုင်းလောက်သာ လက်မလည်အောင် တီးနေရသည်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ဝိုင်ဝိုင်းကြည့်ချင်လျှင် IC သွား၊ ဇော်ဝင်းထွဋ်၊ရင်ဂို ကြည့်ချင်လျှင် Emperer သွား၊ ဒါပဲဖြစ်သည်။ အာဇာနည်၊ဇော်ပိုင်စသူတို့ကား မည်သည့်ဝိုင်းနှင့်မဆို ဝင်ဆိုသည်။ စည်သူလွင်၊အဲလက်စ်တို့ကတော့ Lazy Club နှင့်ပင်။ အမျိုးသမီးအဆိုတော်များမှာမူ ဝိုင်းမရွေး ဆိုတတ်ပါသည်။

ယနေ့ညတွင် IC နှင့် Emperer တွဲပြီးတီးကြမည် ဖြစ်ပါသည်။ Lazy Club, Metal Zone, The tree,  The Ants,Aces, မဇ္ဈိမလှိုင်း မှသူများကား အချိန်ပိုင်းဝင်ရောက် ကူညီတီးခတ်ရန် အဆင်သင့်စောင့်ဆိုင်း နေကြ၏။ စတင် တီးခတ်ချိန်တွင် Emperer နှင့်အတူ ချစ်စမ်းမောင် ဝင်ရောက်တီးခတ်ပါသည်။ အမျိုးသား၊ အမျိုးသမီး အဆိုတော်များစွာ သီဆိုကြပါသည်။ ပလေးဘွိုင်းသန်းနိုင် သီဆိုနေချိန်တွင် ဇော်ဝင်းရှိန်က Drum ဝင်တီးပေးပြီး ဇော်ဝင်းရှိန်သီဆိုနေချိန်တွင် ပလေးဘွိုင်းသန်းနိုင်က Drum တီးပေးပါသည်။ သည့်နောက် ပါဝင်ကူညီတီးခတ်ပေးမည့်သူများအား တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်သို့ခေါ်ပြီး တီးခတ် စေပါသည်။ ပရိတ်သတ်များကား တစ်ယောက်တက်လာတိုင်း လက်ခုတ်သံတဖြောင်းဖြောင်းနှင့် အားပေး ကြသည်။ ဇော်ဝင်းထွဋ်ကတော့ သူ့သီချင်းတစ်ပုဒ်ဆိုပြီးတိုင်း လေးဖြူသီချင်းတစ်ပုဒ်ပါဆိုတော့ အားပေး လိုက်ကြသည်မှာ အားရစရာပင်ဖြစ်သည်။ အလင်းရောင်ဆိုတော့ ပရိတ်သတ်တွေပါ ဝိုင်းလိုက်ဆိုကြသည်။

ဒုတိယပိုင်း IC အလှည့်၌ Emperer မှဇော်မျိုးထွဋ် ဝင်ရောက်တီးခတ်ပေးပါသည်။ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ကတော့ ပရိတ်သတ်နှင့်အတူ တစ်လှည့်ဆီ ဆိုကြသည်။ အပေးအယူမျှကြသည်။ လေးဖြူနှင့် ဇော်ဝင်းထွဋ်အတူတွဲပြီး တက်လာသည့်အချိန်တွင် လက်ခုတ်သံတွေ မိုးခြိမ်းညံသွားပါတော့သည်။ ဂန္ဓဝင် စိမ်း၊ ရာဇဝင်၊ သူလေး၊ ကြယ်တံခွန်၊ စာမျက်နှာ(၁၅)၊ လိပ်ပြာ၊ သားကောင်၊ နောက်ဆုံးရထားတို့ကို အတူ တွဲပြီး တစ်ယောက်တစ်ပိုဒ်ဆိုသွားကြသည်။ ပက်ထရစ်၊ နိုင်ဇော်၊ ကျင့်ခန်းဖုန်း၊ အငဲ၊ မျိုးကြီး၊ တို့ပါ တက်လာပြီး ဂစ်တာဝိုင်းတီးပေးကြပါသည်။ နောက်ဆုံးအနေနှင့် ကွယ်လွန်သွားကြပြီဖြစ်သော စိုးလွင်လွင် ရဲ့“ခိုးစိတ်စိုးထိတ်လွမ်းချိန်”၊ စိုင်းထီးဆိုင်ရဲ့“သဘာဝရဲ့ရင်သွေးငယ်”၊ ဒိုးလုံးရဲ့“ချစ်ဦးမေ”၊ ထူးအိမ်သင်ရဲ့“ ရာဇဝင်များရဲ့သတို့သမီး”တို့ကိုသီဆိုကြပြီး နောက်ဆုံးသီချင်းကိုတော့ ခင်ဝမ်းရဲ့ “နှုတ်ဆက်ခဲ့ပါတယ်” နှင့် ပရိသတ်ထောင်ပေါင်းများစွာကို နှုတ်ဆက်လိုက်ပါတော့သည်။

အမေလူထုဒေါ်အမာ ပြောခဲ့တဲ့စကားကို ပြန်ပြောပြချင်ပါသည်။ “ အတိတ်ဆိုတာ ရှိလည်းရှိရတယ်။ ရှိတယ် ဆိုတာကိုလည်း ဂုဏ်ယူရတယ်။ အတိတ်ဆိုတဲ့ လှေကားထစ်ရှိလို့သာ ပစ္စုပ္ပန်ဆိုတဲ့လှေကားဆစ်ကို တက်နိုင်တာဖြစ်တယ်။ ဒါကြောင့် အတိတ်ကိုတော့ မျက်ကွယ်ပြုဖို့လည်း မကြိုးစားစေချင်ဘူး။ အတိတ်ကို ချေဖျောက်ဖျက်ဆီးပစ်ဖို့လည်း မကြိုးစားစေချင်ဘူး။ မနေ့ကရှိလို့ ကနေ့ရှိနေနိုင်တာပါ။ ”တဲ့။

မှတ်ချက်။  ။  Dire Straits, Paul McCartney, Eric Clapton, Phil Collins, Elton John, Tina Turner, Air Supply တို့သီဆိုထားသော You Tube မှ Live Video ကြည့်ပြီး ဆင့်ပွားအတွေးချော်ပါသည်။


No comments: