May i be free from mental suffering!!!

Monday, September 28, 2009

ထွက်ပြေးတဲ့အခါ

တစ်ခါတလေ အခြေအနေ၊ အကြောင်းတစ်စုံတရာကြောင့် စိတ်တွေရှုပ်ထွေး၊ မွန်းကြပ်လာတဲ့ အခါ ကျွန်တော်တို့ဟာ ကိုယ်နေတဲ့အရပ်ကနေ၊ ကိုယ့်လုပ်ငန်းခွင်ထဲကနေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကနေ လွတ်မြောက်အောင်၊ထွက်ပြေးကောင်း ထွက်ပြေးမိကြပါလိမ့်မယ်။ အဲဒီအချိန်မှာ ခံစားချက်တူညီသူတွေအတွက် မျှဝေခံစားလို့ရအောင် ဒီကဗျာလေးကို တင်ပေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ထွက်ပြေး ရတာကိုက ထွက်ပြေးမရတာ” လို့ ဆရာမမေငြိမ်း က ပြောသွား ပါ တယ်။

“ ထွက်ပြေးတဲ့အခါ ”

ထွက်ပြေးတဲ့အခါ.....
ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင် လေးလံရဲ့။


ထွက်ပြေးတဲ့အခါ…
မျက်လုံးများစွာကြား
ပြားပြားဝပ်အကျဉ်းကျ
ပါးစပ်ပေါက်တွေက ကာဆီးတောင်တန်း
ကျရတဲ့ မျက်ရည်တွေက ပင်လယ်။


ထွက်ပြေးတဲ့အခါ…
နာကျင်ခြင်း မြွေတွေက
ခန္ဓာကိုလိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကိုပိုရုပ်ကြွလာစေပြန်တယ်။


ထွက်ပြေးတဲ့အခါ…
အရိပ်တွေဟာ
နဂိုထက်မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့ အသည်းက
မေ့ထားသမျှကို
ပို ပို သတိရ
အဲဒီအခါ…...
နင်ဟာ အနာတရနဲ့သာ
ထိုက်တန်တဲ့ကောင်လို့
ကိုယ့်ကိုယ်ကို ဆဲရေးရ…။


တကယ်တမ်းကျ…..
ထွက်ပြေးရ တာကိုက…
ထွက်ပြေးမရ…တာ။ … ။


မေငြိမ်း(၁၉၉၆)

No comments: