May i be free from mental suffering!!!

Tuesday, April 20, 2010

နှစ်သစ်ကူးမှာ.....

ကျွန်တော်တို့ရဲ့ နှစ်သစ်ကူးပွဲတော်အတွင်းမှာ ကြားရတဲ့သတင်းတွေက သိပ်မကောင်းပါဘူး။ မြန်မာပြည် မှာ  သင်္ကြန်အတွင်း ဗုံးတွေပေါက်ကွဲလို့ ( ရန်ကုန်နဲ့မြစ်ဆုံ )  အပြစ်မဲ့တဲ့ပြည်သူတွေ ဒါဏ်ရာရ၊ သေကြေ ပျက်ဆီးကြတာ အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ ဘယ်သူတွေကပဲလုပ်လုပ် ပြင်းထန်စွာရှုတ်ချပါတယ်။ လူစိတ်မရှိတဲ့သူတွေပဲ။ 

သင်္ကြန်တွင်းမှာ လူတွေအတော်များများ ရေပက်ကစားကြ၊ ရေပက်ခံထွက်ကြတာဆိုတော့ အပြင်မှာ ရောက်နေကြတဲ့သူတွေအားလုံးက ရွာကမိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်းတွေအတွက် စိုးရိမ်ပူပင် နေကြပါတယ်။ အားလုံးအလုပ်ရှုပ်ကုန်ကြတာပေါ့။ ဖုန်းတွေ တဂွမ်ဂွမ်နဲ့ ဆက်ကြရတာပေါ့။

 ဒီနှစ်ဆန်းအတွင်းမှာပဲ ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက် အလုပ်ပြုတ်သွားခဲ့ပြန်ပါတယ်။ သူကတော့ ဒီလိုအတွေ့အကြုံမျိုးကြုံရတာ ဒါနဲ့ပါဆို (၃)ကြိမ်ရှိသွားပါပြီ။ အားပေးစကားပြောရုံကလွဲပြီး ကျွန်တော်လဲ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ တခြားသူငယ်ချင်းတစ်ယောက်ကတော့ Stress တွေများပြီး အလုပ်ကထွက်တော့ မယ်လို့ ပြောနေလေရဲ့။

ကမ္ဘာတစ်ဝှမ်းမှာတော့ တရုတ်ပြည်၊ ကျင်ဟိုင်းပြည်နယ်မှာ ပြင်းအား(၆.၉)ရှိတဲ့ ငလျင်လှုပ်သွားလို့ လူ(၁၀၀၀)ကျော် သေဆုံးပြီး ပျောက်ဆုံးနေသူ(၃၀၀)နီးပါးရှိကာ (၁၀,၀၀၀)ကျော် ဒါဏ်ရာရခဲ့ပါတယ်။ အိုက်စလန်နိုင်ငံမှာတော့ မီးတောင်ပေါက်ကွဲမှုကြောင့် ပြာမှုန်အမြောက်အမြား လေထုအတွင်း ပေနှစ် သောင်းမှသုံးသောင်းကြားတွင် ပျံလွင့်နေပြီး ဥရောပအနောက်ပိုင်းနှင့်မြောက်ပိုင်းနိုင်ငံများရှိ လေကြောင်း ခရီးစဉ်များစွာ ရပ်ဆိုင်းခဲ့ကြရပါတယ်။ ပိုလန်နိုင်ငံသမ္မတနှင့်ဇနီးအပါအဝင် စစ်ဘက်အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများတင်ဆောင်လာသော လေယာဉ်ပျံသည် ရုရှားနိုင်ငံအတွင်း ပျက်ကျခဲ့ရာ သမ္မတ အပါအဝင်(၉၆)ဦးစလုံး သေဆုံးခဲ့ပါတယ်။

ဧပြီလအတွင်းမှာ စိတ်မကောင်းစရာသတင်းတွေပဲ ကြားနေရပါတယ်။ ကျွန်တော်ကတော့ သင်္ကြန်တွင်းမှာ ဖုန်းပျောက်သွားပါတယ်။ ပြီးတော့ ရွာမှာရှိတဲ့ သားတော်မောင်က နေမကောင်းပါဘူး။ ဆီးလမ်းကြောင်း ကျဉ်းနေတယ်တဲ့။ ဆီးသွားတဲ့အခါ အနည်ပါတယ်တဲ့။ အခု သမားတော် ကြီး ဦးဖေသက်ခင်နဲ့ပြနေရပါတယ်။ ရုံးပိတ်ရက်တွေနဲ့တိုက်နေတော့ ပိုက်ဆံလိုနေမှာစိုးလို့ လမကုန်ခင် ကြိုပို့လိုက်ရတယ်။

နို့မို့..............ကျွန်တော်တို့ကြားဖူးကြတဲ့ ပုံပြင်ထဲကလို ဖြစ်နေမှာစိုးလို့။ အပြင်ထွက် အလုပ်လုပ်နေတဲ့ ယောင်္ကျားက ရွာက သူ့မိန်းမကို.....

“ ခင်ရေ..ဒီလတော့ ပိုက်ဆံသုံးတာလွန်သွားလို့ အနမ်းပွင့်(၁၀၀)ပဲ ပို့လိုက်တယ်ကွာ”

လို့ စာရေးလိုက်ပါတယ်။ တစ်ပါတ်ကြာတော့ သူ့မိန်းမဆီက အခုလို စာပြန်လာပါတယ်။

“ မောင်ရေ...မောင်ပို့လိုက်တဲ့ အနမ်းပွင့်(၁၀၀)ရပါတယ်။ ရရချင်းပဲ

ဂတ်စ်ဖိုး အနမ်း(၁၅)ပွင့်ပေးလိုက်ရပါတယ်။ ပြီးတော့

အနမ်း(၂၅)ပွင့်နဲ့ မီတာခသွားဆောင်လိုက်ပြီး တဆက်တည်း

တယ်လီဖုန်းဘီလ်အတွက် အနမ်း(၃၅)ပွင့် ပေးလိုက်ရတယ်။

ပြန်လာတော့ အိမ်မှာ ဆီကုန်နေလို့ လမ်းထိပ်က ကုန်စုံဆိုင်မှာ

ဆီဝင်ဝယ်တာ အနမ်း(၁၅)ပွင့် ကုန်ပြန်ပါလေရော...မောင်ရယ်။

ညနေလဲစောင်းရော နွားနို့ပို့တဲ့လူကို နွားနို့ဖိုးအနမ်း(၁၅)ပွင့် ပေးရမှာ မလောက်တော့လို့

တခြားဟာပါပေးလိုက်ရတယ်....မောင်”

1 comment:

ပန်းခရမ်းပြာ said...

အဲဒါ kma လား ... လုံးဝ မသိလိုက်ဘူး။ ဖုန်း မဆက်ဖြစ်တာလည်း ကြာပြီ။
သားလေး အမြန် နေကောင်းပါစေ။