May i be free from mental suffering!!!

Monday, May 17, 2010

ကြွေလွင့်သွားသော အနုပညာရှင်များ


မနေ့က ၂၀၁၀ခုနှစ်၊မေလ(၁၆)ရက်နေ့တွင် သုခကမ္ဘာအထူးကုဆေးရုံ၌ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင် မင်းသားသုမောင် ခေါ် ဦးဗလ ကွယ်လွန်သွားခဲ့ပါတယ်။ ဦးသုမောင်ကို ဖခင်ဖြစ်သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုက ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး သား(၄) ယောက်အနက် ဒုတိယမြောက်သားဖြစ်ပါတယ်။ အင်ဂျင်နီယာဘွဲ့ရရှိကာ ၁၉၆၉ ခုနှစ်မှ စတင်၍ ယုဝတီ ဂျာနယ်တွင် စာပြင်အလုပ်ဝင်လုပ်ရာမှ ကဗျာများရေးဖွဲ့လာရင်း စာပေလောကသို့ရောက်ရှိလာပြီး နောက်ပိုင်းတွင် ရုပ်ရှင်နှင့် ဂီတနယ်ဘက်သို့ပါ ဝင်ရောက်လာခဲ့ပါတယ်။

ပထမဆုံးဝတ္ထုတိုကို အုပ်စိုး ဆိုသည့် ကလောင်အမည်နှင့် ရေးသားခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ဝတ်မှုံဂျာနယ်၌ ဖော်ပြခံရသည့် “သနပ်ခါးရည်ကျဲကျဲ” ဆိုသည့် ဝတ္ထုဖြစ်ပါတယ်။ ၄င်းအုပ်စိုးဆိုသော ကလောင်အမည်ကို ဦးသာဓုက ဝေဖန်ရာမှစ၍ ဦးသာဓုမသုံးဖြစ်တော့သော ကလောင်အမည် သု=ကောင်း သော၊ မောင်=လူကလေး အဓိပ္ပါယ်ရသော သုမောင်အမည်ဖြင့်ရေးသားသည့် ပထမဆုံးဝတ္ထုတိုမှာ “ငယ်အိပ်မက်”  ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်၌ ရှုမဝ မဂ္ဂဇင်းတွင်ဖော်ပြခဲ့ပါတယ်။ အချစ်၊ အချစ်လား.. သူဖျား နေတယ်၊ အချစ်နှင့်သူ၏ကိုကို၊ မျိုရိုးထဲမှ ဆိုးပေကြီးများ၊ ကွမ်းစကားစသော အောင်မြင်ကျော်ကြားသော စာအုပ်များ ရေးဖွဲ့ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယားစသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကာ၊ သဘာဝမင်းသားအဖြစ် အောင်မြင်လာခဲ့ရာမှ ၁၉၉ဝ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို `ခုနှစ်စဉ်အလွမ်း´ ဇာတ်ကားဖြင့် ရရှိခဲ့ပါတယ်။ မကွယ်လွန်ခင်အထိ ဇာတ်ကားကြီးပေါင်း ၄ဝ ကျော် ရိုက်ကူးခဲ့ပါတယ်။ နှောင်းတမြေ့မြေ့ဇာတ်ကားတွင် ခဲလုံးလေးအား ခြေထောက်ဖြင့်ကန်လိုက်သော အခန်းမှာ လူကြိုက်များခဲ့ပါတယ်။

တေးဂီတနှင့် ပတ်သက်၍မူ ၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ဇာတ်ကား၌ ဇာတ်ဝင်နောက်ခံတေး ဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို သီဆိုခဲ့ရာမှ ဂီတလောကသို့ စတင်ရောက်ရှိခဲ့ပါတယ်။ ရုပ်ရှင် နောက်ခံတေးများ၊ တိပ်ခွေစီးရီးများ၊ ရေဒီယိုတေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း အပုဒ်ရေ ၂ဝဝဝ ကျော် သီဆိုခဲ့ပါတယ်။ သူ၏ ထင်ရှားကျော်ကြားသော တေးသီချင်းများတွင် ချစ်မိုးကြီး၊ ပန်းစကား၊ အမုန်းအသင်္ချေ၊ ဂုဏ်ကြီးရှင်၊ နဂါးနီ၊ ပပဝင်းများ ပါဝင်ပါတယ်။

ရာသီဥတုက ပူပြင်းလွန်းတော့ ပြည်သူချစ်တဲ့အနုပညာရှင်တွေ မကြွေသင့်ပဲ ကြွေလွင့်ကုန်ကြရပါတယ်။ ဧပြီလ(၂၄)ရက်နေ့မှာ စာရေးဆရာ၊ သတင်းစာဆရာကြီး သာဂဒိုးဆုံးပါးသွားခဲ့သလို မေလ(၁၁)ရက်နေ့မှာ ပန်းချီဆရာသန်းမြင့်အောင် ဆုံးပါးသွားခဲ့ပါတယ်။ မကြုံစဖူး၊ အပူထူးတဲ့နွေကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း စသည့် ဒေသများမှ ရေတွင်းရေကန်များမှာ အပူချိန်ကြောင့် ရေနည်းခြင်း၊ ခန်းခြောက်ခြင်းတို့နှင့် ရင်ဆိုင်နေကြရပြီး ဒေသခံများသည်လည်း သောက်သုံးရေအတွက် အခက်အခဲတွေ့ကြုံနေရကြောင်း သိရှိရပါတယ်။ ရွာကသစ်ပင်တွေလဲ မြိုတော်စည်ပင်ကစိုက်လိုက်၊ လမ်းတံတားကနှုတ်လိုက်၊ သစ်တောကစိုက်လိုက်၊ လျှပ်စစ်ကခုတ်လိုက်ဖြစ်နေတော့ ဘယ်သူ့ကို ယိုးမယ်ဖွဲ့ရမလဲတောင် မသိတော့ပါဘူး။

No comments: