May i be free from mental suffering!!!

Saturday, February 13, 2010

“အိုကေ”သွားတဲ့ ကိုလေပြေ

အခုတလော အလုပ်တွေရှုပ်နေတာနဲ့ Blog ဖက်ကို ခြေဦးမလှည့်နိုင်ခဲ့တာ ကြာပါပြီ။ ညဆိုရင် (၁၀)နာရီ လောက်မှ အိမ်ပြန်ရောက်တယ်။ အချို့ညတွေဆိုရင် (၁၂)နာရီထိုးမှ ပြန်ရောက်ဖြစ်ပါတယ်။ ပင်ပန်းလွန်းတာ နဲ့ ပြန်ရောက်ရောက်ခြင်း တန်းအိပ်ဖြစ်တယ်။ မနက်မိုးလင်းရင် အလုပ်လုပ်၊ ညဖက်ပြန်ရောက်တာနဲ့ တန်းပြီးအိပ်၊ ဒီလိုနဲ့ပဲ တရုတ်နှစ်ကူးကို ကျော်ဖြတ်ခဲ့ရပါတယ်။ Sunday တွေလဲ မနားရပါဘူး။ ကျွန်တော့်အလုပ်ရဲ့ အခြေအနေကိုက တရုတ်နှစ်ကူးဆိုရင် အရမ်းအလုပ်များပါတယ်။ သာမန်အချိန်တွေက တော့ ပုံမှန်အတိုင်းပါပဲ။ မနက်(၉)နာရီကနေ ညနေ(၆)နာရီအထိပေါ့။

Tuesday, February 2, 2010

ရွာလည်နေတဲ့ လေပြေသွေး


ရွာလည်နေတယ်ဆိုလို့ လျှောက်လည်နေတယ်မထင်ပါနဲ့။ နေ့ခင်းဖက်အလုပ်တွေ ရှုပ်နေသလို ညဖက် ကြတော့လည်း Blog နဲ့ ဦးနှောက်စားနေရလို့ ပြောတာပါ။ ကိုယ့်ဘလောဂ့်လေးကို ရွာကအမျိုးတွေကို ဖတ်စေချင်လို့ Blogspot ကနေ အလကားရတယ်လို့ပြောကြတဲ့ co.cc ကိုပြောင်းလိုက်ကာမှ နောက်ထပ် ဒုက္ခတစ်ခု ထပ်တိုးလာပါတယ်။ ပထမတစ်ခု Read more... ကတော့ Ok သွားပါတယ်။ အခု co.cc ပြောင်းလိုက်တော့ ရွာကတော့ နှစ်ရက်လောက် ဝင်ဖတ်လို့ရသွား ပါရဲ့။ ဒါပေမဲ့ စာတွေပဲ ဖတ်လို့ရတယ်။ ဓါတ်ပုံတွေ ကြည့်လို့ မရပြန်ဘူး။ 

အခုဆို “စ”လုံးက သူငယ်ချင်းတွေလဲ ဝင်လို့မရတော့ဘူး။ ကိုယ်ကိုယ်တိုင်လည်း ဝင်လို့မရတော့ဘူး။ ခဏပဲ တက်လာပြီး ပြန်ပျောက်သွားပါတယ်။ Powered by co.cc လို့ပဲ ပေါ်နေတယ်။

Thursday, January 21, 2010

ဒုက္ခပေးတဲ့ Read more....


Blog စရေးကတည်းက Read More....ကို လိုက်လုပ်ကြည့်နေတာ အခုမှပဲ ရသွားပါတော့တယ်။ ကိုရန်အောင့် နည်းနဲ့စမ်းတယ်။ မရဘူး။ ကိုညီလင်းဆက်တို့၊ ကိုSatongodတို့ ရေးထားတဲ့ ဘလောဂ့် လမ်းညွှန်အတိုင်း လိုက် လုပ်ကြည့်တယ်။ ဒါလည်း မရပြန်ဘူး။ သိသမျှ နည်းပညာဘလောဂ့်တွေ လိုက်ဖတ်ပြီး လုပ်ကြည့်တော့လဲ မျက်စိတွေပြာလာပြီး လူကသာ မူးနောက်သွားတယ်။ Read More က တင်းခံနေတယ်။ ဒါနဲ့ ဆရာဘုန်းကို အကူအညီတောင်းပြန်တော့ သူလဲ လက်မှိုင်ချသွားပါတယ်။ ကျွန်တော့်ရဲ့ blog setting ကိုက တစ်ခုခုမှားနေတယ် ထင်ပါရဲ့။ ကျွန်တော်ကလည်း ရေးချင်တာပဲသိတာ။ နည်းပညာတွေ မသိပါဘူး။

Thursday, January 14, 2010

ပြည်သူချစ်သော မေရှင် (၉)

မယ့်သဉ္ဇာ

ရေး-ခေတ္တရာအေး ဆို-မေရှင်

ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော်နေမှာ၊ မယ့်ဖူးစာဖက် ကို စောင့်လို့သာ၊ ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော် နေရှာ၊ ဖော်ကင်းတဲ့ ပန်းဝတ်လွှာ၊ မျှော်ရင်းနဲ့ လွမ်းတော့မှာ၊ အို…..သော်တာမင်း ဖေးမပါ။

မောင့်ကိုမျှော်မှန်းကာ နေ့တိုင်းပင် စိတ်ထဲမှာ၊ ရှင့်ကို ရည်မှန်းကာ၊ ညတိုင်းပင် စိတ်ထဲမှာ၊ လှပျိုသက်ထားမှာ၊ စောင့်စားကာ၊ ချစ်သူကို ဘယ်ဝယ်မြန်းနေရှာ။

လှပျိုသက်ထားမှာ၊ မောင်ကသာ အစဉ်စွဲမှာ၊ ခင့်သဉ္ဇာခန်းကို လာခဲ့ပါ၊ ပျိုကမှာ၊ ချစ်သူမောင်ကသာ၊ လွဲခွာ၊
မေတ္တာတော်ရှောင်ဖယ် အားပေတာ။

ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော်နေမှာ၊ မယ့်ဖူးစာဖက်ကို စောင့်လို့သာ၊ ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင် စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်းမျှော်နေရှာ၊ ဖော်ကင်းတဲ့ ပန်းဝတ်လွှာ၊ မျှော်ရင်းနဲ့ လွမ်းတော့မှာ၊ အို…..သော်တာမင်း ဖေးမပါ။



ခေတ်ပြောင်းချိန်

ရေး-သဟာယဆရာတင် ဆို-မေရှင်

တို့မြန်မာတွေ ဟိုရှေးယခင်၊ ခေတ်ကောင်းစဉ်က အောင်စည်အောင်မောင်းရယ်၊ ရိုက်ညောင်းကာရွယ်၊သာယာ စည်ကားခဲ့တယ်။

( ရွှေဘုံရွှေနန်း တင့်ဆန်းတဲ့ ပလ္လင်ပျံဝယ်၊ သာကီနွယ်ဝင် မင်းစဉ်မင်းဆက်၊ ရှေးအထက်စိုးမိုး အုပ်ချုပ်ကာ စံမယ်)2 ရွှေဘုန်းရှင် နေတနှုန်းအသွင်၊ တစ်ပြည်လုံး ဂုဏ်သမ္ဘာကြွယ်၊ ခုနေခါမယ် ထီးကျိုးစည်ပေါက် ပလ္လင် ပျောက်ကွယ်၊ လွမ်းစရာတွေ အသွယ်သွယ်၊ တို့မြန်မာမင်းရယ် ကြမ္မာငယ်ယိုယွင်းတယ်၊မထင်လင်းတော့တယ်၊ ရာဇာသနင်းရယ်။

( ရှေးကုသိုလ်ကံ မှေးတယ်၊ တို့များမြန်မာ သံဝေဂရွယ်၊ ဘုရားသော်မှာ ဝဋ်ကြွေးလယ် )2 မျှော်မှန်းကာရွယ် မြန်မာပြည် မကြာမီ ကိန်းကောင်းဆိုက်လို့ရယ်၊ ခေတ်ပြောင်းချိန်လည်း ရည်ရွယ်စောင့်တော့တယ်။

( မှူးကြီးမတ်ရာ သေနာပတိရယ်၊ ပညာရှိတဲ့ ကဝိတွေအလယ်၊ ဘုန်းကံရှင်အပေါင်းတို့၊ ညီလာခံညောင်းတယ်။ )2 သက်ဦးဆံပိုင်ဆိုပေမယ့်၊ မင်းကျင့်တရားနဲ့ညီတယ်၊ ခုခေတ်ပြောင်းရင် ကောင်းစားလိမ့်မယ်၊ အောင်စည် အောင်မောင်း ရိုက်ညောင်းလို့ရယ်၊ တိုင်းပြည်သာယာမယ်၊

( ဗြဟ္မာစိုရ်တရားတွေ သုံးလို့ရယ်၊ မုန်းတဲ့စိတ်တွေပယ်၊ ခေတ်ကောင်းရောက်ဖို့ မဝေးပါတယ်၊ သွေးစည်းကြပါ မွန်-မြန်မာတွေရယ်)2 မင်းကြီးရန်နောင် ပုံပမာထားလို့ရယ်၊ သတ္တိလက်ရုံး တစ်ကျွန်းလုံးမှတ်စေဖွယ်။

( ရှေးကုသိုလ်ကံ မှေးတယ်၊ တို့များမြန်မာ သံဝေဂရွယ်၊ ဘုရားသော်မှာ ဝဋ်ကြွေးလယ် )2 မျှော်မှန်းကာရွယ် မြန်မာပြည် မကြာမီ ကိန်းကောင်းဆိုက်လို့ရယ်၊ ခေတ်ပြောင်းချိန်လည်း ရည်ရွယ်စောင့်တော့တယ်။



ချစ်ပန်းလွှာ

ရေး-ခေတ္တရာအေး ဆို-မေရှင်

သင်းကြည်အေးတဲ့ လေညင်းသွဲ့ဖြာ၊ ပန်းမာလာမွှေးတဲ့အခါ၊ ဥယျာဉ်ထဲမှာ ပျိုနဲ့တွဲကာ၊ မောင့်ရင်ခွင်ထဲကသာ၊ တေးသံကြူးလို့ ပျော်မြူးခဲ့တာ၊ ခင်မြင်မိသေးတော့သာ၊ ဖူးစာပွေလီလိမ်ညာ၊ အကြောင်းကံ အလွန်ဝေးတာ။

ပြာလဲ့မှာ မှေးရိပ်ရောင်ဝါ၊ ရွှေယုန်သာ တမ်းတသူ လွမ်းဖို့ဖန်လာ၊ ကျီစယ်ကာ မာန်ပျိုးကာ လှောင်အားပိုတာ၊ ပျို့ရင်အုံညှာမှာ၊ ခင်းကြုံလို့ အလိုလိုစိတ်ထဲ စွဲမိတာ၊ ဖော်ကင်းတဲ့ မယ့်စက်ရာမှာ၊ ခွေယိုင်ကာ၊ စိမ်းကို ရက်စက်နိုင်လွန်းလှတာ၊ ကြင်နာပါ ချစ်ပန်းလွှာ။

ပျို့ဒါလင်ကြင်ရာ၊ စောင့်စားလို့ တမ်းတကာ၊ မယ့်ရွှေရင်အုံမှာ၊ ဇောစိတ်ဝေဖြာ၊ ဖူးစာရှင်ရယ် ဆောင်ပို့ပါ ခင့်လိပ်ပြာ၊ ပျို့မောင်ဆီကိုသာ ရောက်ဖို့ရာ၊ တူနှစ်ကိုယ် ကြင်ကာ ပေါင်းဖက်နိုင်ဖို့ရာ၊ ဖေးကူပါ ဒေဝါ တောင်းပန်ရတာ။

ပျားပိတုန်းတို့ စံပျော်ရာ၊ အာသာဝတီပန်းဝတ်လွှာ၊ သုံးဆွတ်မြူးနေရှာ၊ ဖူးရွှေစာ သဲမြညှာ၊ အကြင်နာစွဲတဲ့ သူကို လွှဲရက်တာ၊ ဘယ်ဆီဘယ်မှာ သတ္တဘာဂ လမ်းပြပါ၊ ပျိုမေကို ဆောင်ကြဉ်းလို့သာ ကယ်ယူပ။ါ

ပြာလဲ့မှာ မှေးရိပ်ရောင်ဝါ၊ ရွှေယုန်သာ တမ်းတသူ လွမ်းဖို့ဖန်လာ၊ ကျီစယ်ကာ မာန်ပျိုးကာ လှောင်အားပိုတာ၊ ပျို့ရင်အုံညှာမှာ၊ ခင်းကြုံလို့ အလိုလိုစိတ်ထဲ စွဲမိတာ၊ ဖော်ကင်းတဲ့ မယ့်စက်ရာမှာ၊ ခွေယိုင်ကာ၊ စိမ်းကို ရက်စက်နိုင်လွန်းလှတာ၊ ကြင်နာပါ ချစ်ပန်းလွှာ။



Monday, January 4, 2010

Yatanarpon Web Portal

ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ National Web Portal ဖြစ် သော Yatanapon Portal အား ယခုနှစ် ဒီဇင်ဘာလ၊ ပထမပတ်မှ စတင် အကောင်အထည်ဖော်ခဲ့ပြီး သုံးပတ်အတွင်း ဖြစ်ပေါ်လာသော အဆိုပါ ဝက်ဘ် ပေါ်တယ်၏ဝက်ဘ်ဆိုက်လိပ်စာမှာ www.yatanarpon.com.mm ဖြစ်ပြီး ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် စတင် သုံးပြုနိုင်ကြပါပြီ။ နည်းပညာဆိုင်ရာကဏ္ဍများအတွက် ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုက တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။ ၄င်းပေါ်တယ်ကို အသုံးပြုလိုသောသူများအနေဖြင့် မှတ်ပုံတင်ပြုလုပ် ရမည်ဖြစ်သည်။ အမျိုးသားအဆင့်ဝက်ဘ်ပေါ်တယ်တွင် ဖတ်ရှုနိုင်သောသတင်းအချက်အလက်နှင့် ကဏ္ဍများမှာ မြန်မာနှင့်ကမ္ဘာ့သတင်းများ၊ အားကစားသတင်းများ၊ နည်းပညာသတင်းများ၊ စီးပွားေးရး၊ ရုပ်ရှင်ပညာ၊ ကျန်းမာရေးအစရှိသည့် သတင်းများအပါအဝင် စာအုပ်စင်ကဏ္ဍ၊ ဈေးဝယ်ကဏ္ဍ၊ အလုပ်အကိုင်ကဏ္ဍ၊ အခမဲ့ ကြော်ငြာ၊ တခြားသောကဏ္ဍပေါင်းစုံနှင့် သတင်း အချက်အလက်များ၊ နေ့စဉ် ရာသီဥတုခန့်မှန်းချက်များ၊ ဂိမ်း သုံးသပ်ချက်များ၊ ရန်ကုန်လမ်းညွှန်ကဲ့သို့ Yellow Pages များကိုလည်း စုံလင်စွာ လေ့လာအသုံးပြု ဖတ်ရှုနိုင်မည်ဖြစ်သည်။ သတင်းအချက်အလက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များနှင့် တေးသီချင်း များကိုလည်း ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့မြေပုံကိုလည်း အနီးကပ်ဆုံးလေ့လာ ကြည့်ရှုနိုင်မည့် google map နှင့် ပြည်တွင်းလမ်းညွှန်မြေပုံများ၊ ဒေသတစ်ခုချင်းစီ၏နာမည် ကြီးနေရာများကို လမ်းညွှန်ပေးထားသော city guide ကဏ္ဍကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။ ပြည်တွင်း ၏လူနေမှုကွန်ရက် social networking တစ်ခုဖြစ်လာသော အဆိုပါ ဝက်ဘ်ပေါ်တယ်ပေါ်တွင် ပါဝင်ထည့်သွင်း ထားသော သတင်းအချက်အလက်များ၊ ကဏ္ဍများအားလုံးကို ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပါဝင်ဆောင် ရွက်နေသော နည်းပညာကုမ္ပဏီတို့က နေ့စဉ်နှင့်အမျှ update များပြုလုပ်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။ yatanarpon Portal အား ယခုအချိန်တွင် Beta Version ဖြင့် ထုတ်လွှင့်ထားပြီး နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော version ဖြင့်အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

7 Day News မှ ကိုးကားမျှဝေပါသည်။

Monday, December 28, 2009

သားတော်မောင်(၆)လခွဲအရွယ်

“ မာမားရေ....ဦးဦးတို့၊ အန်တီတို့ လာလယ်ကြတယ်။ သား...ခွေးကြည့်ပေးထားမယ်နော်။ ဒီကောင်ကြီးက သိပ်ဆိုးတာ......ဦးဦးနဲ့အန်တီရဲ့..... ”



“ မင်းနော်....ဧည့်သည်တွေလာနေတယ်။ ငြိမ်ငြိမ်နေလို့ ပြောနေတာ မကြားဘူးလား ”



“ ဒီကိုလာစမ်း။ ငါ့အကြောင်းသိမယ်။ လာခဲ့စမ်း...”



“ ဒီလောက်တောင် ပြောလို့၊ ဆိုလို့ မရတဲ့အကောင်......ကဲကွာ...”



“ ဟား...ဟား...ဟား...တွေ့လား။ ဒီကောင်ကြီး အခုငြိမ်သွားပြီ။ ”

Monday, December 21, 2009

စာပေဟောပြောပွဲ၊စင်္ကာပူနိုင်ငံ၊(၂၀.၁၂.၂၀၀၉)။

စာပေဟောပြောပွဲ၊စင်္ကာပူနိုင်ငံ၊(၂၀.၁၂.၂၀၀၉)။

စင်္ကာပူနိုင်ငံမှာ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲကို (၂၀.၁၂.၂၀၀၉)နေ့မှာNo.1, NTUC Center, Marina Boulevard ၌ ကျင်းပပြီးစီးခဲ့ပါတယ်။ စာပေဝါသနာရှင်တွေအတွက်ကတော့ လက်မလွှတ်နိုင်တဲ့ ပွဲ တစ်ပွဲပါပဲ။ ပြန်တွေးကြည့်တော့ စာပေဟောပြောပွဲတွေ နားမထောင်ရတာ ဆယ့်ငါးနှစ်ကျော်ကြာသွားပါပြီ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ အင်းစိန်ရပ်ကွက်အတော်များများမှာ ဒီဇင်ဘာ၊ဇန်နဝါရီလတွေဆိုရင် စာပေ ဟောပြောပွဲတွေ ခြိမ့်ခြမ့်သဲ၊သူ့ထက်ငါကျင်းပခဲ့ကြတာပေါ့။ အေးချမ်းလှတဲ့ဆောင်းညတွေမှာ စာပေဟောပြော ပွဲသွားနားထောင်ရတာ ဘယ်လိုအရသာရှိမှန်း မသိဘူး။

ကိုယ့်ဒေသမို့ ပိုပြောတာတော့ မဟုတ်ပါဘူး။ အင်းစိန်မြို့ဟာ အနုပညာရပ်ဝန်းတစ်ခုပါ။ စာပေ၊ဂီတ အနုပညာရှင်တော်တော်များများ ထွက်ပါတယ်။ ဆရာမောင်ထင်၊ ဆရာသော်တာဆွေ၊ ဆရာတင်မိုး၊ ဆရာမောင်လင်းယုန်(ရှမ်းပြည်)၊ ဆရာ မောင်ခိုင်မာ၊ ဆရာငြိမ်းကျော်၊ စောဘွဲ့မှူး၊ စောခူဆဲ၊ ဗဒင်၊ ထွန်းထွန်း ...........အများကြီးပါပဲ။ ဒါ...ကျွန်တော် လက်တန်းရေးချသွားတာပါ။ အများကြီးကို ကျန်ပါသေးတယ်။ မယုံရင် နီးစပ်ရာ အစအစတွေ(အင်းစိန်အုပ်စု)ကို မေးကြည့်ကြပါ။

စင်္ကာပူနိုင်ငံ၊ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲကို ဆရာချစ်ဦးညို၊ ဆရာနေဝင်းမြင့်(ဆရာလည်း အရင် တုန်းက နှစ်အတော်များများ အင်းစိန်မှာနေသွားဖူးပါတယ်။)၊ ဆရာမဂျူး တို့ လာရောက်ဟောပြော သွားပါ တယ်။ စာပေဟောပြောပွဲတွေ နားမထောင်ရတာ ကြာလို့ထင်ပါရဲ့။ ခန်းမတစ်ခုလုံးအပြည့်ပါပဲ။ အသက် နှစ်ဆယ်ကျော် လူငယ်အတော်များများ လာနားထောင်ကြတာကို တွေ့ရပါတယ်။



ဟောပြောပွဲမစမီအချိန်မှာ စာချစ်သူများကို အခုလို အမှတ်တရစာတန်းကလေးများ ရေးထိုးပေးခဲ့ပါတယ်။

ဆရာနေဝင်းမြင့်က တစ်ခါသုံး လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ ဦးနှောက်တံခါးကိုသာ ဖွင့်မထားကြပဲ နှလုံးသားတံခါးကိုလည်း ဖွင့်ထားကြဖို့ ဟောပြောသွားပြီး..........

ဆရာမဂျူးက စာရေးဆရာတစ်ယောက်၏မှတ်စုများခေါင်းစဉ်ဖြင့် စာရေးသားပြုစုဖို့ တွန်းအားပေးလာပုံကို ငယ်ဘဝမှစ၍ ယနေ့အချိန်အထိ စာမျက်နှာငါးခုခွဲပြီး ဟောပြောကာ............


ဆရာချစ်ဦးညိုကတော့ ရသစာပေဖန်တီးမှုနှင့် ရသစာပေခံစားမှု ခေါင်းစဉ်အောက်မှာ သီချင်းလေးတညည်း ညည်းနဲ့ ရသမြောက်စွာ ဟောပြောသွားပါတယ်။