May i be free from mental suffering!!!

Saturday, October 31, 2009

တစ်ခါက စင်ကာပူနေ့များ

တစ်ခါက စင်ကာပူနေ့များ

၁၉၉၅ ခုနှစ်၊ကျောင်းပြီးကတည်းက နိုင်ငံခြားထွက်ခဲ့တဲ့ ကျွန်တော်ဟာ ၂၀၀၁ခုနှစ် ပြန်ရောက်တော့ ဘာလုပ် ရမှန်း သိဘဲ ယောင်လည်လည်ဖြစ်နေတုန်း Yoma Bank မှာ အလုပ်ရသွားပါတယ်။ ဘဏ်မှာ (၃)နှစ်လောက် လုပ်နေရင်း တဖက်မှာလဲကိုရီးယားသွားဖို့ ကြိုးစားနေခဲ့ပါတယ်။ ကျိမ်းသေအလုပ်ဖြစ်မယ်လို့ ပြောထားတဲ့ ကိုရီးယားကြီးကိုလဲ စရံငွေတွေ ချထားတာပေါ့။ ဒီကြားထဲ မြောက်ဥက္ကလာပ၊ဘုန်းကြီးကျောင်းမှာ ကိုရီးယားစာ(အရေး/အဖတ်) သွားသင်လိုက်တာ တစ်နှစ်ကျော်သာကြာသွားတယ် အလုပ်က ဖြစ်မလာဘူး။ ကြာလာတော့ စိတ်မရှည်တော့တာနဲ့ စရံငွေပြန်ထုတ်လိုက်ပြီး တခြားသွားဖို့ စဉ်းစားရတော့တယ်။ အဲဒီမှာတင် ငွေလေးသိန်း လောက်ဆုံးသွားပါတယ်။ကိုရီးယားကြီး ပြန်မပေးတာပါ။ တကယ်လို့ ကိုရီးယားရောက်ရင် ဟိုကကိုရီးယားတွေ ဘယ်လိုခိုင်းမလဲမသိသေးခင် ရန်ကုန်မှာတင် ဒီကကိုရီးယားကြီးက သင်ခန်းစာပေးသွားပါပြီ။

ဒီလိုနဲ့ ဂိန်နေတုန်း သူငယ်ချင်းတစ်ယောက်က စင်ကာပူမှာ spass တွေချပေးနေတယ်၊ သွားလုပ်ပါလားလို့ သတင်းပေးလာပါတယ်။ မိဘတွေနဲ့ကောင်မလေးကို တိုင်ပင်ပြီး သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သုခစုစံမှာ စရံသွားချထားလိုက်ပြီး အေးရာအေးကြောင်း မေ့ထားလိုက်ပါတယ်။ အဲဒီ့အချိန်မှာ ဘဏ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို သူငယ်ချင်းတွေနဲ့ စုလုပ်နေပါတယ်။ နှစ်လလောက် မေ့မေ့ပျောက်ပျောက် နေနေတုံး အေးဂျင့်ဆီက ဖုန်းဝင်လာပါတယ်။ S pass ကျပြီ။ ငွေအကြေလာသွင်းပါတဲ့။ ဘဝနှယ်..ပြောပါတယ်။ ကိုယ်သွားချင်လွန်းလို့ သင်တန်းတွေတက်၊စာတွေသင်၊ကိုရီးယားကြီးဆီ အခေါက်ခေါက်၊အခါခါသွားနဲ့ နှစ်နှစ်လောက်ကြာသွားတယ်။ ဘာမှဖြစ်မလာဘူး။ ဘဝင်တော့မဟုတ်ပါဘူးဗျ။ အမှန်အတိုင်းပြောရရင် အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်သွားပြီး မလုပ်ချင်တော့ပါဘူး။ အရှေ့အာရှတို့၊ဥရောပတို့ကိုသာ သွားချင်နေတာ။

ထားလိုက်ပါတော့ဗျာ။ ဒီလိုနဲ့ ငွေအကြေချေတဲ့နေ့မှာ ကျွန်တော်နဲ့အတူ “စ”လုံးသွားမဲ့ အဖော်ကို စပြီးတွေ့ လိုက်ရတယ်။ “ကိုဝဏ္ဏဇော်”တဲ့။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း၊ ဆံပင်နီကြောင်ကြောင်နဲ့။ သူ့ဘေးမှာ သူ့ဦးလေးလို့ ထင်ရတဲ့ ခပ်ဝဝလူတစ်ယောက်လဲပါလာတယ်။ ဘာတော်လဲမေးကြည့်တော့မှ သူ့ညီတဲ့။ ကျွန်တော့် ငယ်ချင်းကိုက နုတာပါ။ (ဟီး..ဘီယာတိုက်ရမယ်နော်)လည်လည်ဝယ်ဝယ်ရှိမယ် လို့ထင်ရတဲ့ သူတို့ညီအကိုက ဘာမှမပြောတော့ ကျွန်တော်ကပဲ ငွေဈေးနှုန်းအတက်အကျ၊ အတိုးအလျော့တွေ ပြောပြီး ဆစ်လိုက်တော့ တစ်ယောက်ကို သုံး၊လေးသောင်းလောက် သက်သာသွားပါတယ်။ သုံးယောက်သား ပျော်ပြီးထွက်လာလိုက်တာ ဖိနပ်စီးမယ်လုပ်တော့ ရန်ကုန်မှာ Taxi မောင်းတဲ့ သူ့ညီလူလည်ရဲ့ဖိနပ်ကိုဘယ်သူ “မ” သွားမှန်းမသိလိုက်ဘဲ ခြေဗလာနဲ့ပြန်ခဲ့ရတယ်။

(၉.၉.၂၀၀၅)နေ့မနက်ပိုင်း Silk Air နဲ့ ရန်ကုန်က စတင်ထွက်လာခဲ့တာ စင်ကာပူချန်ဂီလေဆိပ်ကို နေ့ခင်းပိုင်း ရောက်ပါတယ်။ တနိုင်တပိုင်အထုပ်လေးတွေဆွဲပြီး လေယာဉ်ပေါ်ကဆင်းလာကြပါတယ်။ လေဆိပ် ထဲရောက်တော့ ပြည်ပအတွေ့အကြုံ ရှိတဲ့ ကျွန်တော်က ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ပါတယ်။ ဟော့....တွေ့ပြီ။ ဧည့်ကြိုထောင်ထားတဲ့ ဆိုင်းဘုတ်မှာ ကျွန်တော့်နာမည်ကိုတွေ့လိုက်ရတယ်။ ကိုဝဏ္ဏ နာမည်ကို ပါလိုက်ရှာပါတယ်။ မတွေ့ပါဘူး။ သူကလည်း“ဟေ့လူ...ကျုပ်နာမည်လဲမပါဘူး”လို့ မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။ “ဟာ..မပါလို့ရမလား။ အေးဂျင့်ကလည်းအတူတူပဲ(မြန်မာပြည်က ရော၊စင်ကာပူကရော)၊ လာတာလဲ တစ်နေ့ထဲပဲ၊ လေယာဉ်လဲ တစ်စီးထဲပဲ”လို့ အားပေးပြီး နှစ်ယောက်သား ပြူးတူးပြဲတဲ လိုက်ရှာတာ လဲ မတွေ့ပါဘူး။ သူလဲ ပြာနေပြီ။ သူ့ သူငယ်ချင်းတစ်ယောက်ဆီကို Free call နဲ့ ဖုန်း ခေါ်ပြီး မေးနေပါတယ်။ ဒါနဲ့ပဲ သူ့ကိုအားပေးပြီး Passport ရယ်၊ MOM က ကျထားတဲ့ S Pass စာရွက်စာတန်း တွေရယ်၊ White Card ရယ်ကို Immigration မှာပြပြီး ဝင်သာလာခဲ့၊ ပြီးရင် အပြင်မှာစောင့်နေမယ်လို့မှာပြီး ကျွန်တော်လဲ ထွက်လာခဲ့ ပါတယ်။

အပြင်မှာလာကြိုနေတဲ့ အေးဂျင့်ကို အကျိုးအကြောင်းပြောပြပြီး သူ့ကိုစောင့်နေပါတယ်။ လူတွေကုန်သွားပြီး ပစ္စည်းတွေသယ်တဲ့ Belt ကြီးသာရပ်သွားပါတယ်။ ကိုယ့်လူမထွက်လာသေးဘူး။ သူ့ပစ္စည်းတွေကိုတော့ တာဝန် ကျပုဂ္ဂိုလ်တွေက ဘေးမှာချထားလိုက်ပါပြီ။ နာရီဝက်လောက်ကြာတော့မှ ကိုယ့်ငယ်ချင်းထွက်လာတာကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကိုရှာနေတဲ့ သူ့မျက်လုံးတွေနဲ့ ကျွန်တော့်ရဲ့မျက်လုံးတွေ သွားဆုံလိုက်တာနဲ့ သူ့မျက်နှာပြုံးပျော်သွားပြီး သူ့အိတ်တွေကို လက်ညှိုးထိုးပြနေတာကို မတွေ့ဘဲ ကျွန်တော်ရှိတဲ့ အပြင်ဖက်ကို လွတ်ပြီ၊ကျွတ်ပြီဆိုတဲ့စိတ်နဲ့ ထွက်ချလာပါတယ်။ ဝမ်းသာလုံးဆို့ပြီး ဘာပစ္စည်းမှပါမလာခဲ့ပါဘူး။ သူ့ရဲ့ အိတ်တွေကတော့ ရပ်နေတဲ့ Beltကြီးဘေးမှာ ငုတ်တုပ်မေ့နေလေရဲ့။ ဒါနဲ့ပဲ တာဝန်ကျပုဂ္ဂိုလ်တွေကို အဖြစ် အပျက်ရှင်းပြပြီး နောက်တစ်ခေါက်ပြန်ဝင်ပြီး သွားယူခဲ့ရတဲ့ တစ်ခါက စင်ကာပူနေ့တွေထဲက တစ်နေ့ပေါ့........။

1 comment:

ပန်းခရမ်းပြာ said...

ဝဏ္ဏ နဲ့ ဇာနည် ...ငယ်ချစ်တွေကိုး၊ ဝဏ္ဏ တကယ်နုလား မနုလားတော့ မသိဘူး၊ အားလုံးထဲမှာ အချောဆုံး (ဘီယာရော ၀ိုင် ပါ တိုက်ပါ)... hahaha....