May i be free from mental suffering!!!

Wednesday, October 21, 2009

ငါ


ငါ

ငါ့ကိုငါ ပြန်ကြည့်မိတော့
ငါ့ဘဝဟာ ငါမဟုတ်ဘူး
ငါ့ကြမ္မာဟာ ငါမဟုတ်ဘူး
ငါ့အနာဂါတ်ဟာ ငါမဟုတ်ဘူး
ဒါကတော့ သေချာတယ်။
ဖြစ်ခြင်း၊ပျက်ခြင်း သဘောတွေကြားမှာ
ငါ့ကိုယ် ငါတောင်
“ ငါဘာကောင်လဲ ” ဆိုတာ
ငါမသိခဲ့ဘူး။

ငါကပြခွင့်ရခဲ့တဲ့ ပြဇာတ်တစ်ခုမှာတော့
မင်းသားလဲဖြစ်ခဲ့ရတယ်
လူရွှင်တော်လဲဖြစ်ခဲ့ရတယ်
လူကြမ်းလဲဖြစ်ခဲ့ဖူးတယ်
ဖြတ်လျှောက်ခန်းလဲ ပါဝင်ခဲ့ဖူးပါတယ်။
တကယ်ဆိုရင်
ငါ့ကိုယ်ငါ သရုပ်ဆောင်ကောင်းတစ်ယောက်လို့
သတ်မှတ်ရပေမပေါ့။

ဒါပေမဲ့…..ဒီလိုလဲ မဟုတ်ပြန်ဘူး
ပရိသတ်တွေရှေ့
ငိုပြလိုက်၊ရီပြလိုက်
ပြုံးပြလိုက်၊မဲ့ပြလိုက်
ကြမ်းပြလိုက်၊ရမ်းပြလိုက်
သဘာဝကျကျ သရုပ်ဆောင်နေပေမဲ့
ယထာဘူတ မကျတဲ့
နောက်ကွယ်က ငါ့ဘဝတွေကို
ဖတ်နိုင်တဲ့သူ နည်းလွန်းပါတယ်။

ဒီတော့ ငါဘာလဲပြောကြည့်စမ်းမယ်။
ငါက….ဇာတ်လိုက်လား
ငါက….လူရွှင်တော်လား
ငါက….လူကြမ်းလား
ငါက….ဇာတ်ပို့လား
………………
………………
ဘယ်အချိန်ကစပြီး
ငါနဲ့ငါ ပဋိပက္ခဖြစ်
ငါ့ကိုယ်ငါ ဆန့်ကျင်နေခဲ့ပါလိမ့်။

ဇာနည် (၀၉၁၀၂၁)

No comments: